ဂျပန်နိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေးအတွက် လိုအပ်သည့်လေ့လာမှုများ ဆောင်ရွက်ရန် ဆွေးနွေးလျက်ရှိ

ဂျပန်နိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေးအတွက် လိုအပ်သည့်လေ့လာမှုများ ဆောင်ရွက်ရန် ဆွေးနွေးလျက်ရှိ
ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ (၆/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Online Video Conferencing ပြုလုပ်စဉ် (ဓာတ်ပုံ- Dawei SEZ)
ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ (၆/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Online Video Conferencing ပြုလုပ်စဉ် (ဓာတ်ပုံ- Dawei SEZ)
Published 21 July 2020
နီလာ

ဂျပန်နိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သည့် လေ့လာမှုများဆောင်ရွက်ရန် ဆွေးနွေးလျက်ရှိကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ဆိုင်ရာ စီမံကိန်းများအတွက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သွားမည်ဖြစ်ပြီး COVID-19 ကာလအတွင်း ထားဝယ်အထူးစီးပွားရေးဇုန်ဆိုင်ရာ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံသူလိုသူများမှာ လူကိုယ်တိုင် လာရောက်ဆွေးနွေးမှုများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ ဒီဇုန်ကြီးက တကယ်က အရမ်းကျယ်တယ်။ ဒါကြောင့်မို့ အကုန်လုံးကို တစ်ပြိုင်နက်တော့ တစ်ယောက်တည်း သို့မဟုတ် ကုမ္ပဏီတစ်ခုတည်း၊ နှစ်ခုတည်းနဲ့လုပ်ဖို့က မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့ နိုင်ငံအသီးသီးက ကဏ္ဍအသီးသီးက ရင်းနှီးမြှုပ်နှံသူတွေ ရင်းနှီးမြှုပ်နှံတည်ဆောက်မယ့်သူတွေနဲ့ ဖိတ်ခေါ်ဖို့ရှိပါတယ်” ဟု အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်က ပြောကြားသည်။

“ High Tech၊ Capital Intensive နဲ့ Heavy Industry တွေအတွက် စိတ်ဝင်စားတယ်။ ဥပမာဆိုရင် ဂျပန်နိုင်ငံက ရေနက်ဆိပ်ကမ်းအတွက် လိုအပ်တဲ့လေ့လာမှုတွေ ဆောင်ရွက်ဖို့ ဆွေးနွေးထားတာရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ကနဦးအဆင့်အကောင်အထည်ဖော်ရန် ကြိုတင်လိုအပ်ချက် (Condition Precedents) များ ဖြည့်ဆည်းပေးပြီးဖြစ်၍ အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် မြေငှားစာချုပ်ချုပ်၍ ဆက်လက်အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း စတင်သည်နှင့် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် နောင်တွင်မြေငှားရမ်းကာ လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများအနေဖြင့် စီမံကိန်းလုပ်ငန်းများကြောင့် ထိခိုက်နစ်နာသည့်ပုဂ္ဂိုလ်များအတွက် လျော်ကြေးပေးခြင်းနှင့် ရွှေ့ပြောင်းနေရာချထားခြင်းကို နိုင်ငံတကာစံနှုန်းများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ အခြေအနေများအား ပြည့်မီကိုက်ညီအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ငွေလုံးငွေရင်းအရင်းအနှီးနှင့် တိကျသေချာသော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်များကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း အထောက်အထားများ အီတာလျံ-ထိုင်းကုမ္ပဏီထံမှ ရရှိပြီးသည်နှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် အီတာလျံ-ထိုင်းကုမ္ပဏီသို့ စီမံကိန်းစတင်ဆောင်ရွက်ရန် အကြောင်းကြားစာ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းအား မကြာမီကာလအတွင်း စတင်ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီသည် အီတာလျံ-ထိုင်းကုမ္ပဏီမှ ကနဦးစီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေးအတွက် ကနဦးစီမံကိန်းလုပ်ငန်းများအတွင်း ပါဝင်သည့် အခြားသောစီမံကိန်းများကိုလည်း ယခုပြင်ဆင်ပေးပို့ခဲ့သည့် ကနဦးစက်မှုဇုန်မြေငှားစာချုပ်ကဲ့သို့ ပြင်ဆင်ဆောင်ရွက်ပေးပို့သွားမည်ဖြစ်ပြီး ဆောင်ရွက်မှုများအား မကြာခင် အသိပေးကြေငြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆက်လက်ပေးပို့ဆောင်ရွက်သွားမည့် စီမံကိန်းများတွင် သဘာဝဓာတ်ငွေ့ရည်ဆိပ်ကမ်းစီမံကိန်း၊ ကနဦးလျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် ဆိပ်ကမ်းငယ်စီမံကိန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။