PSG အားကစားဒါရိုက်တာ လီယိုနာဒိုသည် ပြင်သစ်လူငယ်များကို ဂျာမန်အသင်းများက ခိုးယူနေသည်ဟု Le Parisien နှင့် အင်တာဗျူး၌ ဝေဖန်ခဲ့ပြီး ဒေါ့မွန်နှင့် လိုက်ပ်ဇစ်အသင်းတို့မှ တာဝန်ရှိသူများက အဆိုပါ ဝေဖန်ချက်ကို ငြင်းဆန်ခဲ့ကြသည်။
PSG အသင်းသည် အကယ်ဒမီထွက်များဖြစ်ကြသည့် အန်ကန်ကူအား လိုက်ပ်ဇစ်သို့၊ ဒီယာဘီအား လေဗာကူဆင်သို့ ဈေးချိုချိုဖြင့် ရောင်းချခဲ့ရပြီး နောက်ခံလူ ကူအာဆီကိုလည်း ဘိုင်ယန်အသင်းထံ အလွတ်ပြောင်း ရွှေ့ခွင့်ပြုခဲ့ရသည်။
သို့ဖြစ်ရာ လီယိုနာဒိုက "ဂျာမန်ကလပ်တွေ၊ အထူးသဖြင့် ဘိုင်ယန်၊ ဒေါ့မွန်၊ လိုက်ပ်ဇစ်တို့ဟာ သောင်တူးသလို ခိုးတူးနေတယ်။ ဒါက ပြင်သစ်အကယ်ဒမီတွေအတွက် ကြီးမားတဲ့ပြဿနာပဲ။ သူတို့က မိဘ၊ မိသားစုတွေဆီ တိုက်ရိုက်ချဉ်းကပ်နေကြတယ်။ (၁၅)နှစ်၊ (၁၆)နှစ်မှာပဲ ကစားသမားတွေက သိမ်းသွင်းခံလိုက်ရပါတယ်။ ဒါကို ကာကွယ်ပေးဖို့ စည်းမျဉ်းတွေလိုနေပါပြီ" ဟု Le Parisien နှင့် အင်တာဗျူးတွင် ဝေဖန်ခဲ့သည်။
ဒေါ့မွန်အားကစားဒါရိုက်တာ မစ်ချယ်လ်ဇော့က လီယိုနာဒို၏ စွပ်စွဲမှုမှာ လမ်းလွဲနေသည်ဟု တုံ့ပြန်ခဲ့သည်။ ဇော့က "သူ ပုံဖော်နေတာ ထက်ကျယ်ပြန့်တာတွေ ရှိပါတယ်။ မိသားစုနဲ့ ဆက်သွယ်တာမဟုတ်ပါဘူး။ မိဘတွေက သူတို့သားသမီး ဂျာမနီမှာ အခွင့်အရေးပိုရှိတယ်ဆိုတာ မြင်ကြလို့ပါ" ဟု ဆိုခဲ့သည်။
လိုက်ပ်ဇစ်အားကစားဒါရိုက်တာ ခရိုးစ်ဟီကလည်း "ပြင်သစ်က လက်ရှိကမ္ဘာ့ချန်ပီယံလေ။ ဒါကြောင့် ဈေးကွက်က သူတို့ဆီကို အာရုံကျနေတာပေါ့" ဟု မှတ်ချက်ပြုခဲ့သည်။









