လာမည့်ရာသီတွင် အမှားများသည့်ဂိုးသမား ဒီဟေးယား၏နေရာ၌ ဟန်ဒါဆန်ဖြင့် အစားထိုးရန် အသင်းနည်းပြ ဆိုးလ်ရှားအား မန်ယူပရိသတ်များ တောင်းဆို

လာမည့်ရာသီတွင် အမှားများသည့်ဂိုးသမား ဒီဟေးယား၏နေရာ၌ ဟန်ဒါဆန်ဖြင့် အစားထိုးရန် အသင်းနည်းပြ ဆိုးလ်ရှားအား မန်ယူပရိသတ်များ တောင်းဆို
Photo: BBC
Photo: BBC
Published 20 July 2020

ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကစားခဲ့သော FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် မန်ယူ (၁-၃) ချယ်လ်ဆီးပွဲစဉ်အပြီး၌ မန်ယူအသင်းအားပေးသူပရိသတ်များသည် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအား ဂိုးသမား ဒီဟေးယား နေရာတွင် လာမည့်ရာသီ၌ အင်္ဂလန်ဂိုးသမား ဒင်းန်ဟန်ဒါဆန်နှင့် အစားထိုးရန် ၀ိုင်းဝန်းတောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။ 

ယင်းပွဲတွင် ဒီဟေးယား၏ အားနည်းချက်များမှ မန်ယူအသင်းမှာ ချယ်လ်ဆီးအသင်းဘက်သို့ ဂိုးများပေးခဲ့ရပြီး မန်ယူပရိသတ်များသည် ၎င်းအပေါ် လွန်စွာစိတ်ပျက်ခဲ့ကြကြောင်း သိရှိရသည်။

သို့ဖြစ်ရာ ယင်းပွဲအပြီးတွင် ဒီဟေးယား၏ နေရာ၌ ဟန်ဒါဆန်ကို အစားထိုးသင့်ပြီဖြစ်ကြောင်း မန်ယူပရိသတ်များက လူမှုကွန်ရက်စာမျက်နှာများတွင် တောင်းဆိုရေးသားခဲ့ကြသည်။ 

မန်ယူပရိသတ်များက ဒီဟေးယားအနေဖြင့်  မန်ယူကစားသမားဘဝ အဆုံးသတ်ချိန်တိုင်ပြီဖြစ်ကြောင်း၊ ၎င်းထက် အသက်(၇)နှစ်ငယ်သည့် ဒင်းန်ဟန်ဒါဆန်က လက်စွမ်းပိုမိုကောင်းမွန်ကာ ဆိုးလ်ရှား၏ နည်းစနစ်များနှင့်လည်း ကိုက်ညီကြောင်း၊ လက်ရှိအချိန်တွင် ဒင်းန်ဟန်ဒါဆန်ကို မန်ယူအသင်းအနေဖြင့် အခွင့်အရေးပေးသင့်နေပြီဖြစ်ကြောင်း Twitter စာမျက်နှာများတွင် ၀ိုင်းဝန်းရေးသားခဲ့ကြသည်။ 

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မန်ယူအသင်း ဝက်ဘ်ဆိုက်နှင့် ပြုလုပ်သော အင်တာဗျူး၌ ဒီဟေးယားက မိမိအနေဖြင့် မန်ယူအသင်းတွင် ရေရှည်ဆက်ကစားရန် ဆန္ဒရှိနေသည်ဟု ပြောကြားခဲ့သည်။ 

သို့သော် ယခု နောက်ပိုင်းပွဲစဉ်များ၌ မကြာခဏ အမှားအယွင်းများပြီး ဂိုးများပေးနေရသည့်အနေအထားကြောင့် မန်ယူပရိသတ်များသည် ၎င်းကို စိတ်ပျက်လာကြပြီး အသက်(၂၃) နှစ်အရွယ် အင်္ဂလန် ယူ-၂၁ ဂိုးသမားဟောင်းဒင်းန်ဟန်ဒါဆန်ကို တောင့်တနေကြခြင်းဖြစ်သည်။ 

ဒင်းန်ဟန်ဒါဆန်သည် ရှက်ဖီးယူနိုက်တက်အသင်းတွင် (၂)ရာသီ အငှားစာချုပ်ဖြင့် သွားရောက်ကစားလျက်ရှိပြီး အသင်းရလဒ်ကောင်းရရှိစေရန်အတွက် လက်စွမ်းပြလျက်ရှိသည်။ 

သို့ဖြစ်ရာ မန်ယူပရိသတ်များက ၎င်းကို ပြန်လည်ခေါ်ယူစေရန် ဆန္ဒရှိနေကြပြီး ဆိုးလ်ရှားအပေါ် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

Most Read

Most Recent