Chinese 8 Ball ပြိုင်ပွဲ ဗိုလ်လုပွဲကို သုံးရက်ကြာကျင်းပမည်ဖြစ်သော်လည်း ရက်မသတ်မှတ်ရသေး

Chinese 8 Ball ပြိုင်ပွဲ ဗိုလ်လုပွဲကို သုံးရက်ကြာကျင်းပမည်ဖြစ်သော်လည်း ရက်မသတ်မှတ်ရသေး
Photos: Ko Ar Ti Facebook
Photos: Ko Ar Ti Facebook
Published 19 July 2020

"ပြိုင်ပွဲကျင်းပရေးက ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေကို သုံးရက်စီကစားစေမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲကိုလည်း သုံးရက်ကစားဖို့ သတ်မှတ်ထားပေမဲ့ ကျင်းပမယ့်ရက်တော့ မထုတ်ပြန်သေးပါဘူး။ သြဂုတ်ထဲမှာပဲ ဖြစ်နိုင်ပါတယ်။ သုံးရက်ကစားရမှာဆိုတော့ လက်ရည်မှန်ဖို့လိုသလို အကောင်းဆုံးပုံစံရ နေဖို့လည်း လိုပါတယ်"ဟု ဘုန်းမြင့်ကျော်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ဆုကြေးငွေမြင့်မားသည့် ပြိုင်ပွဲတစ်ပွဲ ဖြစ်သော Chinese 8 Ball ပြိုင်ပွဲ ဗိုလ်လုပွဲကို သုံးရက်ကြာ ကျင်းပမည်ဖြစ်သော်လည်း ကျင်းပမည့်ရက် မသတ်မှတ်ရသေးကြောင်း သိရသည်။ 

Chinese 8 Ball ပြိုင်ပွဲကျင်းပရေးအဖွဲ့ သည်  ဆီမီးဖိုင်နယ်ပွဲစဉ်များကိုလည်း သုံးရက်စီ ယှဉ်ပြိုင်ကစားစေမည်ဖြစ်ပြီး ဇူလိုင် နောက်ဆုံးပတ်နှင့် သြဂုတ်ဒုတိယပတ်တွင် ကျင်းပမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်သို့ မြန်မာကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ တက်ရောက်နေပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ဘုန်းမြင့်ကျော်နှင့် ချူဘင်ဂျီ၊ ကျန်ယူဘိုနှင့် ယူဟိုင်ထောင်တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

"ပြိုင်ပွဲကျင်းပရေးက ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေကို သုံးရက်စီကစားစေမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲကိုလည်း သုံးရက်ကစားဖို့ သတ်မှတ်ထားပေမဲ့ ကျင်းပမယ့်ရက်တော့ မထုတ်ပြန်သေးပါဘူး။ သြဂုတ်ထဲမှာပဲ ဖြစ်နိုင်ပါတယ်။ သုံးရက်ကစားရမှာဆိုတော့ လက်ရည်မှန်ဖို့လိုသလို အကောင်းဆုံးပုံစံရ နေဖို့လည်း လိုပါတယ်"ဟု ဘုန်းမြင့်ကျော်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ယင်းပြိုင်ပွဲကို ဧပြီကတည်းက ကျင်းပနေခြင်းဖြစ်ပြီး အုပ်စုပွဲစဉ်များကို ဧပြီ ၁၈ ရက်မှ ဇွန် ၂၁ ရက်၊ ဆီမီးဖိုင်နယ်တက်ရောက် ခွင့်တစ်နေရာအတွက် Play-off ပွဲစဉ်များကို ဇူလိုင် ၄၊ ၈၊ ၁၂ ရက်တွင် ကျင်းပခဲ့သည်။ ဆီမီးဖိုင်နယ်ဖြစ်သည့် ကျန်ယူဘိုနှင့် ယူဟိုင်ထောင်တို့၏ပွဲစဉ်ကို ဇူလိုင် ၂၂၊ ၂၃၊ ၂၄ ရက်၊ ဘုန်းမြင့်ကျော်နှင့် ချူဘင်ဂျီတို့၏ပွဲစဉ်ကို သြဂုတ် ၈၊ ၉၊ ၁၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။ 

ဘုန်းမြင့်ကျော်သည် အုပ်စုပွဲများတွင် ခြောက်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ် ၄၁၈၀၀ ဖြင့် အုပ်စုပထမရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခြင်းဖြစ်ပြီး အုပ်စုပွဲများတွင် ခြောက်ပွဲဆက်တိုက် အနိုင်ရသည့် တစ်ဦးတည်းသောကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ဘုန်းမြင့်ကျော်သည် ဆီမီးဖိုင်နယ်အဖြစ် အုပ်စုပွဲ၌ ရှုံးနိမ့်ခဲ့သည့် ချူဘင်ဂျီနှင့် ပြန်လည်ကစားရမည်ဖြစ်ပြီး ရှုံးကြွေးပြန်ဆပ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ 

ဘုန်းမြင့်ကျော်သည် ပြိုင်ပွဲဝင်ကစားသမားများအနက် အုပ်စုပွဲများအား အစောဆုံးကစားခဲ့ရပြီး အုပ်စုပွဲများပြီးနောက် ရက်ပေါင်း ၆၀ ကျော် ကြာမှသာ ဆီမီးဖိုင်နယ်ပွဲကစားရခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် အုပ်စုပွဲများတွင်  ယူဟိုင်ထောင်ကို ၂၁-၁၇ ပွဲ၊ ကျန်ယူဘိုကို ၂၁-၁၆ ပွဲ၊ ရန်ဖန်ကို ၂၁-၁၈ ပွဲ၊ လီဘိုကို ၂၁-၁၇ ပွဲ၊ လီဟိုင်ထောင်ကို ၂၁-၁၅ ပွဲ၊ ဝူကျန်ယုကို ၂၁-၁၉ ပွဲဖြင့် အနိုင်ရကာ ချူဘင်ဂျီကို ၁၁-၂၁ ပွဲဖြင့် ရှုံးနိမ့်ခဲ့သည်။ 

ချူဘင်ဂျီသည် အုပ်စုပွဲစဉ်များအပြီးတွင် အဆင့် ၄ နေရာသာရခဲ့သော်လည်း Play-off အဆင့်၌ အနိုင်ရခဲ့သောကြောင့် ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံအများအပြား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

Most Read

Most Recent