စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) သည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပြန့်နှံ့မှုကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် ၂၀၂၀ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအား လာမည့်ခရစ္စမတ်ကာလတွင် ကျင်းပရန်ဆန္ဒရှိနေပြီး ယင်းပွဲမှာ ကိုရိုနာဗိုင်းရပ်စ်ကာလ
ပရိသတ်များကွင်းတွင်း ဝင်ရောက်ကြည့်ရှုခွင့်ရသည့် စပိန်နိုင်ငံ၏ ပထမဆုံးပွဲစဉ်ဖြစ်လာဖွယ်ရှိကြောင်းသိရသည်။
ဆိုစီဒက်အသင်းနှင့် ဘီလ်ဘာအိုအသင်းတို့ ဘက်စ်ကေးဒါဘီပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည့် ၂၀၂၀ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအား မူလက ဧပြီ (၁၈)ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင်း ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်အား ယခုရာသီလာလီဂါလက်ကျန်ပွဲစဉ်များ ပြန်လည်စတင်သည့် ဇွန်လ (၁၁)ရက်နေ့မတိုင်မီ ပြန်လည်ကျင်းပရန် တာဝန်ရှိသူများက စီစဉ်ခဲ့ကြသော်လည်း ဗိုလ်လုပွဲကစားမည့် (၂)သင်းဖြစ်သည့် ဆိုစီဒက်အသင်းနှင့်
ဘီလ်ဘာအိုအသင်းတို့က ပရိသတ်များပြန်လည်ကြည့်ရှုခွင့်ရမည့်အချိန်မှ ကျင်းပရန်တောင်းဆိုခဲ့ပြီး သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။
ယခုအခါ RFEF အနေဖြင့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲစဉ်အား ယခု ၂၀၂၀ ခုနှစ်မကုန်မီကျင်းပရန် စီစဉ်နေခြင်းဖြစ်ပြီး နဂိုသဘောတူညီမှုအတိုင်း ပရိသတ်များအား ကွင်းအတွင်းပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကြည့်ရှုခွင့်ပေးဖွယ်ရှိကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။

၂၀၂၀ ခုနှစ် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအား ဆီဗီးလ်မြို့ရှိ ဆန်းချက်ဇ်ပစ်ဟွမ်ကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး RFEF အနေဖြင့် စပိန်အမျိုးသားအားကစားကောင်စီ (CSD) နှင့်ပူးပေါင်းကာ ပရိသတ်များကြည့်ရှုခွင့်ရရန်အတွက် အကောင်းဆုံး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း Marca ကဖော်ပြခဲ့သည်။
ဆိုစီဒက်အသင်းသည် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအား ၁၉၈၇-၈၈ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ဘီလ်ဘာအိုအသင်းမှာမူ ၂၀၁၄-၁၅ ရာသီနောက်ပိုင်း ဗိုလ်လုပွဲသို့ တစ်ကျော့ပြန်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။









