လာလီဂါချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်း ကစားသမားတစ်ဦးလျှင် အပိုဆုကြေး ယူရို (၃)သိန်းစီ ရရှိမည်

လာလီဂါချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်း ကစားသမားတစ်ဦးလျှင် အပိုဆုကြေး ယူရို (၃)သိန်းစီ ရရှိမည်
Photos: Getty Images & Sky Sports
Photos: Getty Images & Sky Sports
Published 18 July 2020

လာလီဂါချန်ပီယံဆု ဆွတ်ခူးရယူနိုင် ခဲ့သည့် ရီးယဲလ်အသင်းသည် ကစားသမား များနှင့် နည်းပြအဖွဲ့ကို အပိုဆုကြေးထပ်မံ ချီးမြှင့်မည်ဖြစ်ပြီး ကစားသမားတစ်ဦးလျှင် ယူရို(၃)သိန်းစီရရှိမည်ဖြစ်ကြောင်း သိရသည်။

    

ရီးယဲလ်အသင်းသည် ကြာသပတေးနေ့ညပိုင်းက လာလီဂါပွဲစဉ် (၃၇) အဖြစ် ဗီလာရီးယဲလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၂-၁) ဂိုးဖြင့် အနိုင်ရသောကြောင့် လက်ကျန်တစ်ပွဲအလိုမှာပင် ချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

ရီးယဲလ်အသင်းအနေဖြင့် ယင်းပွဲ အနိုင်ရရုံဖြင့် လာလီဂါချန်ပီယံဆုရရှိမည် ဖြစ်သလို ဒုတိယနေရာမှ နှစ်ကြိမ်ဆက် ချန်ပီယံ ဘာစီလိုနာအသင်း အိမ်ကွင်းရှုံးပွဲကြုံ တွေ့ခဲ့သောကြောင့် တစ်ပွဲအလိုတွင် (၇)မှတ်ပြတ်သွားပြီဖြစ်သည်။ 

ရီးယဲလ်အသင်းသည် လာလီဂါပြိုင်ပွဲတွင် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်နှင့် စုစုပေါင်း (၃၄) ကြိမ်မြောက် ဗိုလ်စွဲခြင်းဖြစ်ပြီး အဓိကပြိုင်ဘက် ဘာစီလိုနာအသင်းထက် (၈)ကြိမ်အသာဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ် ဆက်လက် ဦးဆောင်နိုင်ခဲ့သည်။  ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကြောင့် ကစားသမားများ၏လစာကို လျှော့ချထားသော်လည်း လာလီဂါချန်ပီယံဆုအတွက် အပိုဆုကြေးကို မူလသတ်မှတ်ထားသည့်အတိုင်း ပေးအပ်မည်ဖြစ်ရာ ကစားသမားတစ်ဦးလျှင် ယူရို(၃)သိန်းစီရရှိမည်ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ထပ်မံဗိုလ်စွဲပါက ဆုကြေး ယူရို (၄၂ဝဝဝ) စီ ချီးမြှင့်သွားမည်ဖြစ်သည်။ ရီးယဲလ်အသင်းသည် လာလီဂါပြိုင်ပွဲတွင် ဗိုလ်စွဲသဖြင့် ဆုကြေး ယူရို (၆၈) သန်းရရှိမည်ဖြစ်ပြီး ရုပ်သံထုတ်လွှင့်ခွင့်ဝင်ငွေမှာမူ ဒုတိယရရှိသည့် ဘာစီလိုနာအသင်းက ယူရို (၁၅၈) သန်းဖြင့် အများဆုံးရရှိကာ ရီးယဲလ်အသင်းက ယူရို (၁၅၄) သန်းရရှိမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent