မန်စီးတီး၏ အယူခံအောင်မြင်မှုကို မော်ရင်ဟိုနှင့် ကလော့ပ်တို့ ဝေဖန်ခဲ့ပြီးနောက် ပြိုင်ဘက်ကလပ်များတောင်းပန်သင့်သည်ဟု ဂွါဒီယိုလာ တုံ့ပြန်

မန်စီးတီး၏ အယူခံအောင်မြင်မှုကို မော်ရင်ဟိုနှင့် ကလော့ပ်တို့ ဝေဖန်ခဲ့ပြီးနောက် ပြိုင်ဘက်ကလပ်များတောင်းပန်သင့်သည်ဟု ဂွါဒီယိုလာ တုံ့ပြန်
Photo: Getty Images
Photo: Getty Images
Published 16 July 2020

မန်စီးတီးအသင်း၏ ဥရောပဝင်ခွင့် အယူခံအောင်မြင်ခဲ့ခြင်းအတွက် ပြိုင်ဘက်စပါးအသင်းနည်းပြ မော်ရင်ဟိုနှင့် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်တို့က လူသိရှင် ကြားဝေဖန်ခဲ့ပြီးနောက် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြိုင်ဘက်ကလပ်အသင်းများအနေဖြင့် မိမိတို့ကိုပြန်လည်တောင်းပန်သင့်သည်ဟု တုံ့ပြန်ပြောကြားလိုက်သည်။

မန်စီးတီးအသင်းကို ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)မှချမှတ်ထားသော ဥရောပပွဲပယ်ပြစ်ဒဏ်ကို နိုင်ငံတကာအားကစားခုံရုံး(CAS)က ပယ်ဖျက်ပေးရုံမက ဒဏ်ငွေ ယူရို သန်း(၃၀)ကိုလည်း (၁၀)သန်းသို့လျှော့ချပေးခဲ့သည်။ 

သို့ဖြစ်ရာ မော်ရင်ဟို၊ ယာဂန်ကလော့ပ်၊ မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်အစရှိသော ဘောလုံးလောကမှ နာမည်ကျော်ပုဂ္ဂိုလ်များအပါအဝင် ပြိုင်ဘက်ကလပ်တာဝန်ရှိသူများက ယင်းအယူခံအောင်မြင်မှုကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။ 

မော်ရင်ဟိုက UEFA ၏ ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း(FFP)မှာ သေဆုံးသွားပြီဖြစ်ကြောင်းနှင့် ဘောလုံးလောက၏ ဆပ်ကပ်ပြပွဲစတင်ပြီဖြစ်ကြောင်း ဝေဖန်ခဲ့သည်။ 

ထို့အတူ ယာဂန်ကလော့ပ်ကလည်း CAS က ပြစ်ဒဏ်ပြောင်းလဲချမှတ်ရာတွင် သဘာဝမကျပုံကို မေးခွန်းထုတ်ဝေဖန်ခဲ့ပြီး ယင်းပြစ်ဒဏ်မှာ ကျက်သရေမရှိကြောင်း၊ အကယ်၍ မန်စီးတီးအသင်း၌ အပြစ်မရှိဟုယူဆလျှင် ဒဏ်ငွေယူရို (၁၀)သန်း(ပေါင် ၉ သန်း)ကိုလည်း ချမှတ်စရာအကြောင်း မရှိကြောင်း ဝေဖန်ပြောကြားခဲ့သည်။

၎င်းတို့၏ ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လာပြီးနောက် ဂွါဒီယိုလာက အချိန်ဆိုင်းမနေဘဲ တုံ့ပြန်ပြောဆိုမှုများပြုလုပ်ခဲ့သည်။ ဂွါဒီယိုလာက ''ဟိုဆေး(မော်ရင်ဟို)နဲ့ ယာဂန်(ကလော့ပ်)တို့ကို ဒါဟာ ဘောလုံးလောကရဲ့ နေ့ကောင်းရက်မြတ်တစ်ခုဖြစ်တယ်ဆိုတာကို ကျွန်တော် ပြောချင်ပါတယ်။   ကျွန်တော်တို့အနေနဲ့ တူညီတဲ့စည်းမျဉ်းတွေအောက်မှာ ကစားနေရတာဖြစ်ပါတယ်။ တကယ်လို့ ဒီစည်းမျဉ်းတွေကို ချိုး ဖောက်ခဲ့တယ်ဆိုရင် ပြစ်ဒဏ်ချပိတ်ပင်မှုတွေကို ရင်ဆိုင်ရမှာပေါ့။ ကျွန်တော်တို့အသင်းအကြောင်း နောက်ကွယ်မှာ တီးတိုးပြောဆိုမှုတွေ ဘယ်လောက်တောင်များနေပြီလဲ။ ကျွန်တော်ကတော့ ဒါတွေကို အဆုံးသတ်စေချင်ပါတယ်။ ကျွန်တော်တို့ရဲ့မျက်လုံးတွေကို ကြည့်ပြီး ပြောစရာရှိတာကို မျက်နှာချင်းဆိုင် ပြောစေချင်ပါတယ်။ ကျွန်တော်တို့ရှုံးနိမ့်ရင် ကျွန်တော်တို့က လက်ဆွဲပြီးနှုတ်ဆက်မှာပါ။ ကွင်းပြင်ပမှာ သူတို့ ရှုံးရင်တော့ ကွင်းထဲဝင်ပြီး အားကစားစိတ်ဓာတ်နဲ့ ကျွန်တော်တို့ကို အနိုင်ရအောင်ကြိုးစားသင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကိုဖျက်ဆီးခံခဲ့ရတာ ဟိုဆေးနဲ့ တခြားနည်းပြတွေ သိသင့်ပါတယ်။ တကယ်ဆို ကျွန်တော်တို့က တောင်းပန်ခံရသင့်တာပါ''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent