အင်္ဂလန်ဘောလုံးလောကတွင် ယခုရာသီကုန်၌ စာချုပ်သက်တမ်းကုန်ပြီး အသင်းသစ်ရှာဖွေရမည့် ပရော်ဖက်ရှင်နယ်ကစားသမား (၈၀၀) ခန့်ရှိနေ

အင်္ဂလန်ဘောလုံးလောကတွင် ယခုရာသီကုန်၌ စာချုပ်သက်တမ်းကုန်ပြီး အသင်းသစ်ရှာဖွေရမည့် ပရော်ဖက်ရှင်နယ်ကစားသမား (၈၀၀) ခန့်ရှိနေ
Photo: Getty Images
Photo: Getty Images
Published 16 July 2020

အင်္ဂလန်ဘောလုံးလောကတွင် ယခုရာသီကုန်၌ စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းသစ်ရှာဖွေရမည့် ပရော်ဖက်ရှင်နယ်ကစားသမား (၈၀၀)ခန့်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

သို့ဖြစ်ရာ လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူမည့် ကလပ်အသင်းများအနေဖြင့်ရာသီကြိုကာလ၏ အစောပိုင်းရက်သတ္တပတ်များတွင် အသင်းလက်မဲ့ကစားသမားရာနှင့်ချီ၍ ခြေစွမ်းစမ်းသပ်နိုင်မည်ဖြစ်ကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။

အသင်းများနှင့် စာချုပ်လက်မဲ့ဖြစ်မည့် ကစားသမားများအနေဖြင့်လည်း နွေရာသီတွင် အသင်းပေါင်းများစွာ၌ ခြေစွမ်းအစမ်းသပ်ခံရမည်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ဆက်လက်ရပ်တည်ရေးအတွက် လစာငွေကို များစွာလျှော့ယူရမည်ဖြစ်ကြောင်းသိရသည်။

 နွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူသည့်အသင်းမရှိသော ကစားသမားများအနေဖြင့် ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို စွန့်လွှတ်ရဖွယ်ရှိနေပြီး၊ ယင်းကဲ့သို့ကစားသမားများထဲတွင် ဘလက်ဘန်းအသင်းနှင့် တစ်ရာသီစာချုပ်ချုပ်ဆိုထားသည့် အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမားဟောင်း စတီးဝပ်ဒေါင်းနင်း၊ ဆွမ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် စပါးနောက်ခံလူဟောင်း နောက်တန်(၃၁ နှစ်)အစရှိသူတို့ ပါဝင်နေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။   

ပရီးမီးယားလိဂ်တွင်လည်း ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးပြီး ကလပ်အသင်းက စာချုပ်သစ်ချုပ်ဆိုခြင်းမရှိသည့် ကစားသမားများစွာရှိနေပြီး အချို့သောကစားသမားများမှာမူ အောက်တန်းလိဂ်ရှိ အသင်းများသို့ ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်း သိရှိရသည်။ 

ထို့အတူ အောက်တန်းလိဂ်များမှ စာချုပ်သက်တမ်းကုန်ဆုံးမည့် ကစားသမားများမှာလည်း Non-League ကလပ်အသင်းများသို့ ပြောင်းရွှေ့ကစားဖွယ်ရှိ ပြီး အချို့မှာ ဘောလုံးသမားဘဝကို အဆုံးသတ်ရဖွယ်ရှိနေသည်။ 

လက်ရှိဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် အင်္ဂလန်ရှိ ပရော်ဖက်ရှင်နယ်ကလပ်အသင်းများစွာမှာ စီးပွားရေးအကျပ်အတည်းကို ကြုံတွေ့နေရရာ ယင်းအကျပ်အတည်းမှာ ကစားသမားများကိုလည်း ကြီးကြီးမားမားရိုက်ခတ်လာခြင်းဖြစ်သည်။ 

ကစားသမားအများစုအနေဖြင့် ၎င်းတို့ ယခုရရှိနေသော လစာငွေထက် များစွာလျော့နည်းသည့်ပမာဏဖြင့် အသင်းသစ်များတွင် ကစားရဖွယ်ရှိနေကြောင်း သိရသည်။ 

လက်ရှိတွင် တစ်ပတ်ပေါင်(၂၇၀၀)ရရှိနေသည့် ပရီးမီးယားလိဂ်ကစားသမားတစ်ဦးမှာ လာမည့်နွေရာသီတွင် League One ကလပ်အသင်းတစ်သင်းသို့  တစ်ပတ်ပေါင်(၇၀၀)ဖြင့် ပြောင်းရွှေ့ကစားရန် ဆွေးနွေးနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။           

လက်ရှိတွင်  အသင်းလက်မဲ့ဖြစ်မည့် ကစားသမားများနှင့် ၎င်းတို့၏အေးဂျင့်များသည် ၎င်းင်းတို့ခြေစွမ်းပြသသည့်ပြကွက်များကို စုစည်းထားသော Highlight ဗီဒီယိုဖိုင်များကို ပြုလုပ်ကာ ကလပ်အသင်းများသို့ ပို့ဆောင်ပေးလျက်ရှိနေကြောင်း သိရှိရသည်။ 

ထို့အတူ ကစားသမားအပြောင်းအရွှေ့ အေဂျင်စီများကလည်း ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့်ကစားသမားစာရင်းနှင့် ၎င်းတို့၏အချက်အလက်များကို ကလပ်အသင်းများသို့ ပေးပို့လျက်ရှိနေကြောင်း သိရှိရသည်။ 

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်(PFA)၏ အမှုဆောင်ချုပ် ဂေါ်ဒွန်တေလာက ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကစားသမားတစ်ဦးချင်းစီအား ဆက်သွယ်ကာ အကူအညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

''ကျွန်တော်တို့အနေနဲ့ သူတို့ အားလုံးဆီကို ဆက်သွယ်ပြီး သူတို့လိုအပ်တဲ့အကူအညီတွေပေးသွားမှာပါ။ နောက်ထပ် အသင်းသစ် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျွန်တော်တို့ဘက်က လိုအပ်တဲ့အကူအညီတွေ ပေးသွားမှာဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ အကြံပေးချက်တွေ၊ အသင်းသစ်မရခင် လေ့ကျင့်ခန်းဆင်းတာတွေ ပါဝင်မှာပါ။ တကယ်လို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုအပ်ချက်တွေ ရှိရင်လည်း ကျွန်တော်တို့ ဖြည့်ဆည်းပေးသွားမှာပါ''ဟု ဂေါ်ဒွန်တေလာက ပြောကြားခဲ့သည်။

Most Read

Most Recent