နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများမှ လုပ်သက်ဆုကြေးငွေ၊ လစာပင်စင်များနှင့် ပတ်သက်၍ ၎င်းတို့ထုတ်ယူရန် ဆန္ဒပြုသည့် ဘဏ်ခွဲများတွင် ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး ပြောကြား

နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများမှ လုပ်သက်ဆုကြေးငွေ၊ လစာပင်စင်များနှင့် ပတ်သက်၍ ၎င်းတို့ထုတ်ယူရန် ဆန္ဒပြုသည့် ဘဏ်ခွဲများတွင် ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီး ပြောကြား
တာမွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာထုတ်သူ ပင်စင်စားများကို ၂၀၁၉ ခုနှစ်ကုန်ခန့်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထွန်း)
တာမွေမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာထုတ်သူ ပင်စင်စားများကို ၂၀၁၉ ခုနှစ်ကုန်ခန့်က တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထွန်း)
Published 15 July 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများမှ လုပ်သက်ဆုကြေးငွေ၊ လစာပင်စင်များနှင့် ပတ်သက်၍ ၎င်းတို့ထုတ်ယူရန် ဆန္ဒပြုသည့် ဘဏ်ခွဲများတွင် ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ဇူလိုင် ၁၄ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၀) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သန်း မေးမြန်းသည့် နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစား ယူပြီးပါက မိမိနေထိုင်ရာ မြို့နယ်များတွင် ပင်စင်လစာများ ထုတ်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို လွှတ်တော်၌ ပြန်လည်ဖြေကြားရာတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။

“အငြိမ်းစားများရဲ့ လစဉ်ပင်စင် ထုတ်ပေးရေးကိစ္စကို ဆောင်ရွက်တဲ့နေရာမှာ ပထမ အမျိုးအစားဖြစ်တဲ့ ဦးစီးဌာန အငြိမ်းစားများနဲ့ ကာကွယ်ရေး အငြိမ်းစားတွေအတွက် လုပ်သက်ဆုကြေးငွေနဲ့ လစဉ်ပင်စင် လစာငွေများ ထုတ်ယူတဲ့အခါမှာ ပင်စင်ဦးစီးဌာန ကနေပြီးတော့ သက်ဆိုင်ရာ မြန်မာ့စီးပွားရေး ဘဏ်ခွဲအသီးသီးမှာ သွားရောက်ပြီးတော့ ငွေစာရင်း ဖွင့်လှစ်ပြီးတော့ အငြိမ်းစားက ထုတ်ယူဖို့ ဆန္ဒပြုတဲ့ ဘဏ်ခွဲတွေမှာ ငွေပေးအမိန့်တွေကို ထုတ်ပြန်ပေးပို့ပြီးတော့ အဆင်ပြေစွာ ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးလျက် ရှိပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

လုပ်ငန်းအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေး အဖွဲ့အစည်းများက အငြိမ်းစားများအတွက် လစဉ်ပင်စင်များကို ၎င်းတို့ အဖွဲ့အစည်း၏ အစီအစဉ်ဖြင့် ထုတ်ပေးလျက်ရှိရာတွင် အငြိမ်းစားတွင် အငြိမ်းစားက ဆန္ဒပြုသည့်အတိုင်း တစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် စသည်ဖြင့် နီးစပ်ရာ လုပ်ငန်းနှင့် စက်ရုံများ တည်ရှိရာ ဒေသများတွင် ထုတ်ပေးခြင်း၊ အငြိမ်းစားများက ၎င်းတို့ ထုတ်ယူလိုသည့် မြို့နယ်များရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင် ထုတ်ယူရန် ဆန္ဒပြုလာပါက ၎င်းတို့ဆန္ဒပြုသည့် မြို့နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ လုပ်ငန်းအဖွဲ့အစည်း၏ အစီအစဉ်နှင့် လွှဲပို့၍ ထုတ်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဒုတိယဝန်ကြီးက “နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများမှာ အဓိကအားဖြင့် နှစ်မျိုးနှစ်စား ရှိပါတယ်။ အဲဒါတွေကတော့ ပထမတစ်မျိုးကတော့ ဗဟိုအဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေ၊ ကာကွယ်ရေး အငြိမ်းစားတွေ ဖြစ်ပါတယ်။ ဒုတိယတစ်မျိုးကတော့ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းဖြစ်တဲ့ SEE နဲ့ စည်ပင်သာယာရေး အဖွဲ့အစည်းများက အငြိမ်းစားဝန်ထမ်းများ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများ၏ အငြိမ်းစားလစာနှင့် ဆုကြေးများအတွက် အသုံးစရိတ်များ သုံးစွဲရာတွင် ဦးစီးဌာနများမှ အငြိမ်းစားများနှင့် ကာကွယ်ရေး အငြိမ်းစားများအတွက် လုပ်သက်ဆုငွေနှင့် လစဉ်ပင်စင် အသုံးစရိတ်များကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာန၏ ရသုံးမှန်းခြေငွေစာရင်း၌ သာမန်အသုံးစရိတ် စာရင်း၊ ငွေစာရင်းခေါင်းစဉ် (၂၃) ပင်စင်လစာငွေများနှင့် ဂုဏ်ထူးဆောင်ဘွဲ့/ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ငွေများ၊ ငွေစာရင်းခေါင်းစဉ် (၂၄) ဆုငွေများနှင့် တစ်လုံးတည်းပင်စင်ငွေများ ခေါင်းစဉ်တို့၌ လျာထား၍ သုံးစွဲလျက်ရှိကြောင်းနှင့် လုပ်ငန်းအဖွဲ့အစည်း (SEE) များနှင့် စည်ပင်သာယာရေး အဖွဲ့အစည်းများမှ အငြိမ်းစားများ၏ လုပ်သက်ဆုငွေနှင့် လစဉ်ပင်စင် အသုံးစရိတ်ကို သက်ဆိုင်ရာလုပ်ငန်း အဖွဲ့အစည်းနှင့် စည်ပင်သာယာရေး အဖွဲ့အစည်းများ၏ သက်ဆိုင်ရာ ခေါင်းစဉ်အောက်၌ လျာထား၍ ကျခံသုံးစွဲလျက် ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့ပြင် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ ပင်စင်လစာကို လွယ်ကူသက်သာစွာဖြင့် ထုတ်ယူနိုင်ရန် e-Pension Card များပြုလုပ်၍ ထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက ်ပေးထားပါကြောင်း၊ Myanmar Mobile Money၊ Wave Money စသည့် မိုဘိုင်းလ်ဝန်‌ဆောင်မှုများကို အသုံးပြု၍ ထုတ်ယူနိုင်ရန်ကိုလည်း စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent