UNDP ပါတီက ပြည်ခရိုင်ရုံးခွဲဖွင့်လှစ်ခဲ့ပြီး လွှတ်တော်သက်တမ်းနှစ်ကြိမ်ရှိပြီဖြစ်သော်လည်း ပြည်သူများ ဒုက္ခရောက်နေဆဲမို့ တရားဝင်ဆောင်ရွက်ပေးနိုင်ရေးအတွက် လွှတ်တော်တွင်းဝင်ရန် ကြိုးစားခြင်းဖြစ်ဟု ပါတီတိုင်းတာဝန်ခံ ပြောကြား

UNDP ပါတီက ပြည်ခရိုင်ရုံးခွဲဖွင့်လှစ်ခဲ့ပြီး လွှတ်တော်သက်တမ်းနှစ်ကြိမ်ရှိပြီဖြစ်သော်လည်း ပြည်သူများ ဒုက္ခရောက်နေဆဲမို့ တရားဝင်ဆောင်ရွက်ပေးနိုင်ရေးအတွက် လွှတ်တော်တွင်းဝင်ရန် ကြိုးစားခြင်းဖြစ်ဟု ပါတီတိုင်းတာဝန်ခံ ပြောကြား
Published 10 July 2020

၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့အား အခြေခံဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ UNDP ၏ ပြည်ခရိုင်ရုံးခွဲဖွင့်ပွဲကို ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက အဆိုပါရုံး တည်ရှိရာ ပြည်မြို့လမ်းရှည်လမ်းတွင် ပြုလုပ်ခဲ့သည်။

သို့ရာတွင် COVID-19 ရောဂါကာလ ဖြစ်သည့်အတွက် ကျန်းမာရေးညွှန်ကြားချက်များအတိုင်း လူအနည်းငယ်ကိုသာ ဖိတ်ကြားအသိပေးခဲ့သည်။

“ဒီနေ့ ရုံးစဖွင့်ပါတယ်။ ကျွန်တော်တို့က အရင်တုန်းကတော့ လွှတ်တော်ပြင်ပနိုင်ငံရေးအနေနဲ့ ရပ်တည်လာခဲ့တာပေါ့။ အခုနောက်ပိုင်းမှာတော့ ပြင်ပနိုင်ငံရေးနဲ့ ရပ်တည်လို့မရတော့ဘူး။ လွှတ်တော်ထဲဝင်မှ ရတော့မယ်ဆိုပြီး ပါတီထောင်ရခြင်းဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာလည်း ၂၀၀၈ ခြေဥပြင်နိုင်ဖို့ကလည်း ပြင်လို့မရဘူးလို့မြင်တယ်။ ၂၀၀၈ က ဖျက်သိမ်းပစ်မှရမှာ အဲဒီအနေအထားတွေနဲ့ လွတ်တော်ထဲကိုဝင်တာပါ။ လက်ရှိ လတ်တလောမှာ လယ်သမားပြည်သူတွေ၊ ကျောင်းသားတွေ နစ်နာနေတုန်းပဲ။ အထွေထွေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတုန်းပဲ။ ကုစားမပေးနိုင်ဘူး လွှတ်တော်သက်တမ်း နှစ်ရပ်ရှိခဲ့ပြီ။ ပြည်သူတွေ ဒုက္ခရောက်နေကြရတုန်းပဲ။ ဒါကြောင့်မို့ တရားဝင်ဆောင်ရွက်နိုင်အောင် လွှတ်တော်တွင်း ဝင်နိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု UNDP ပါတီ ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးကျော်ဆွေက ပြောကြားသည်။

အဆိုပါရုံးဖွင့်ပွဲသို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ လူ့အခွင့်ရေးလှုပ်ရှားသူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက တက်ရောက်ခဲ့ပြီး COVID ကာလ ညွှန်ကြားချက်များကြောင့် ပါတီအင်အားစုများ၊ တောင်သူလယ်သမား၊ အလုပ်သမားများကို ဖိတ်ကြားနိုင်ခြင်းမရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ပါတီမူဝါဒက တန်းတူညီမျှမှုရှိရမယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားမှာ။ အဲဒါမှာ ကျွန်တော်တို့တိုင်းရင်းသားတွေ အများကြီးရှိတယ်။ တိုင်းရင်းသားဒေသတွေမှာ နစ်နာမှုတွေရှိတယ်။ အဲဒါတွေကို ကုစားနိုင်အောင် ကြိုးစားမယ်။ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်နိုင်အောင် ကျွန်တော်တို့က တစ်စိုက်မတ်မတ်လုပ်သွားမယ့် အနေအထားရှိပါတယ်။ အဲဒီအတွက် ပြည်သူတွေ ၀ိုင်းရံပေးကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု UNDP ပါတီ ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးကျော်ဆွေက ပြောကြားသည်။

UNDP ပါတီကို ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့အား အခြေခံကာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး မြို့ကြီးအများအပြားတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားများနှင့် လက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်း၊ ပြည်မြို့နယ်အတွက်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်းများ အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

ဝေလင်း

(ပြည်)

Most Read

Most Recent