ယခုရာသီကုန်တွင် မန်စီးတီးအသင်းနှင့် လမ်းခွဲတော့မည့် ဒေးဗစ်ဆေးလ်ဗားအတွက် နှုတ်ဆက်ပွဲကို ပရိသတ်များကွင်းတွင်းဝင်ရောက်ခွင့်ရသည့်အချိန်တွင် ပြန်လည်ပြုလုပ်ပေးမည်ဖြစ်ကြောင်း မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာက အတည်ပြုခဲ့သည်။
ဒေးဗစ်ဆေးလ်ဗားသည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်ရာ ပရိသတ်များ ကွင်းတွင်းကြည့်ရှုခွင့်မရသည့်အချိန်နှင့် တိုက်ဆိုင်လျက်ရှိနေသည်။
သူသည် မန်စီးတီးအသင်းတွင် ကစားခဲ့သည့် (၁၀)နှစ်တာအချိန်အတွင်း အသင်းအတွက် အလွန်အရေးပါသည့် ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ၎င်းကဲ့သို့ ကစားသမားမျိုးကို ပရိသတ်များ နှုတ်ဆက်ခွင့်ရသင့်သည်ဟုလည်း ဂွါဒီယိုလာက ယူဆနေသည်။
နောက်ဆုံးကစားခဲ့သည့် နယူးကာဆယ်အသင်းနှင့်ပွဲတွင်လည်း ဆေးလ်ဗားသည် အသင်းအတွက် ခြေစွမ်းပြနိုင်ဆဲဖြစ်ပြီး တစ်ဂိုးသွင်းယူကာ (၂)ကြိမ်ဖန်တီးပေးခဲ့ပြီး ဂွါဒီယိုလာက "အသင်းရဲ့ပရိသတ် အားလုံးရှေ့မှာ နှုတ်ဆက်ပွဲကစားဖို့အတွက် သူအသင်းကို ပြန်လာဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ သူက ဒီအသင်းရဲ့ တကယ့်ဂန္ထဝင်စစ်စစ်ဖြစ်ပါတယ်။ မန်စီးတီးအသင်းက သူ့ရဲ့ နာမည်နဲ့ လမ်းအမည်၊ ကွင်းအမည်၊ ရုပ်တုတွေကိုတောင် ပြုလုပ်ပေးသင့်ပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်ကိစ္စတော့မဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။
သူ၏ခြေစွမ်းနှင့်ပတ်သက်၍လည်း "နေရာလွတ်ကျဉ်းကျဉ်းလေးထဲမှာ၊ လိုင်းတွေကြားမှာ သူ့လောက်ကောင်းတဲ့သူ ကျွန်တော်မတွေ့ဖူးပါဘူး။ လူငယ်ကစားသမားတွေဟာ သူ့ကို အတုယူသင့်ပါတယ်"ဟုလည်း ဂွါဒီယိုလာက ဆိုခဲ့သည်။









