ပြန်လည်စတင်နေပြီဖြစ်သည့် မေဂျာလိဂ်ပွဲစဉ်များတွင် မေဂျာလိဂ်အသင်းများက Black Lives Matter လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြပြီး အသင်းများသည့် ပွဲမစမီတွင် (၈)မိနစ်နှင့် (၄၆)စက္ကန့်ကြာအောင်ဒူးထောက် ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။
အော်လန်ဒိုစီးတီးက ဒေးဗစ်ဘက်ခမ်၏ အင်တာမိုင်ယာမီအသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲနှင့်အတူ မေဂျာလိဂ်ကို တစ်ကျော့ပြန်လည်စတင်ခဲ့ခြင်းဖြစ်ပြီး နှစ်သင်းစလုံးက ကစားသမားများသည် ပွဲမစမီတွင် Black Lives Matter လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန် ရဲအရာရှိတစ်ဦးဖြစ်သူ ချော်ဗင်သည် လူမည်းအမျိုးသားတစ်ဦးဖြစ်သည့် ဂျော့ချ်ဖလွိုက်အား လည်မျိုကို ဒူးဖြင့်ထောက်ကာ ဖမ်းချုပ်ခဲ့ရာတွင် အသက်ရှူကျပ်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး MLS ၏ ကြယ်ပွင့်များသည် ပွဲမစတင်မီ ဒူးထောက်ဆန္ဒပြမှုကိုလည်း ယင်းကြာချိန်အတိုင်း (၈)မိနစ်နှင့် (၄၆)စက္ကန့်ကြာအောင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
မေဂျာလိဂ်ပြိုင်ပွဲသည် ဘောလုံးပွဲများမစတင်မီ နိုင်ငံတော်သီချင်းသီဆိုမှုတွင် မဖြစ်မနေလိုက်ဆိုရမည့် စည်းကမ်းကို ဖျက်သိမ်းခဲ့ခြင်းအတွက် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်၏ ဝေဖန်မှုကို ခံခဲ့ရဖူးပြီး မေဂျာလိဂ်ပွဲစဉ်များကို ကြည့်ရှုတော့မည်မဟုတ်ဟု ထရမ့်ကဆိုခဲ့ဖူးသည်။ ယခုအချိန်တွင်လည်း အမေရိကန်အစိုးရကို ဝေဖန်မှုတွင် မေဂျာလိဂ်က ထပ်မံပါဝင်ခဲ့ခြင်းဖြစ်သည်။









