လူနာအား အိပ်ချ်အိုင်ဗွီပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မြို့တော်ဆေးရုံကို သိန်း ၃၀၀ ပေးစေရန် ခရိုင်တရားရုံးက ချမှတ်ခဲ့သော်လည်း ကျပ်သိန်း ၁၅၀ သာပေးရန် ပြည်ထောင်စုတရားလွှတ်တော်က အမိန့်ချမှတ်

လူနာအား အိပ်ချ်အိုင်ဗွီပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မြို့တော်ဆေးရုံကို သိန်း ၃၀၀ ပေးစေရန် ခရိုင်တရားရုံးက ချမှတ်ခဲ့သော်လည်း ကျပ်သိန်း ၁၅၀ သာပေးရန် ပြည်ထောင်စုတရားလွှတ်တော်က အမိန့်ချမှတ်
Published 7 July 2020
ယဉ်မျိုးသွယ်

လူနာအား အိတ်ချ်အိုင်ဗွီပိုးရှိကြောင်း မှားယွင်းဖော်ပြခဲ့သည့် မြို့တော်ဆေးရုံကို ကျပ်သိန်း ၃၀၀ ပေးစေရန် ခရိုင်တရားရုံးက ချမှတ်ခဲ့သော်လည်း ကျပ်သိန်း ၁၅၀ သာပေးစေရန် ပြည်ထောင်စုတရားလွှတ်တော်က ဇွန် ၂၃ ရက်တွင် အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

“အစ်မတို့ သိန်းသုံးရာတောင်းထားတာပေါ့နော်။ အရင်နှစ်ရုံးလုံးကတော့ သိန်းသုံးရာပဲချတယ်။ အခုဒီရုံးကတော့ တစ်ဝက်ပေါ့။သိန်း ၁၅၀ လို့ အမိန့်ချတယ်လို့ ကြားတယ်။ အစ်မတို့တောင်းတဲ့ သုံးရာဆိုတာက ဘယ်လိုပဲဖြစ်နေနေ မများဘူးလေ။ နှစ်ရုံးလုံးကလည်း ချမှတ်ပြီးသား။ ရသင့်တယ်လို့လည်း ထင်တယ်။ အခုလို ၁၅၀ ပဲပေးဖို့ ချမှတ်တာကြီးကတော့ မဖြစ်သင့်ဘူးလို့ထင်တယ်။ တရားရင်ဆိုင်ခဲ့ရတဲ့နှစ်တွေနဲ့ယှဉ်ရင် သိန်းသုံးရာဆိုတာ တွက်ကြည့်ပါ။ အခုကျတော့ လျှော့တောင်ချလိုက်တယ်။ အစ်မတို့အနေနဲ့ အမိန့်စာကူးဖို့ ငွေထုတ်ဖို့တောင် လွယ်တာမဟုတ်ဘူး။ ခုချိန်က စီးပွားရေးကျပ်တည်းကြတယ်။ အစ်မတို့ကတော့ ရှေ့ဆက်မှာပါ” ဟု လူနာ၏သမီးဖြစ်သူ မစန္ဒာဝင်းက ပြောကြားခဲ့သည်။

အမှုစတင်တရားစွဲစဉ်က လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ရှေ့နေ ဦးမောင်မောင်အေး (မြင်းခြံ) ကလည်း “အထူးအယူခံခေါ်တဲ့ စုံညီဆက်တက်မှာပါ။ ဆက်တက်ဖို့ စီစဉ်နေကြပါတယ်။ အဓိကပြောချင်တာကတော့ တရားရုံးချုပ်မှာတက်တဲ့ အယူခံတရားလို မြို့တော်ဆေးရုံက သူရဲ့အယူခံလွှာမှာ ဒီလိုငွေလျှော့ပေးဖို့ တောင်းဆိုထားတာ မရှိဘူး။ မူလမန္တလေးခရိုင်တရားရုံးနဲ့ တိုင်းဒေသကြီး တရားရုံးက တစ်သဘောထဲ ဆုံးဖြတ်ထားတာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒီလိုပြင်လိုက်တယ်ဆိုတဲ့ ကိစ္စကတော့ ဖြစ်သင့်မဖြစ်သင့် အထူးအယူခံအနေနဲ့ တင်ပြရတော့မှာပေါ့နော်” ဟု အမှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ဘုရားလှကျေးရွာမှ ဦးဝင်းတင် (၆၆ နှစ်) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းက ကျန်းမာရေး မကောင်းသဖြင့် မန္တလေးမြို့ရှိ မြို့တော်ဆေးရုံသို့ တက်ရောက်ကုသခဲ့ရာ ဆေးစစ်ချက်အဖြေတွင် အိတ်ချ်အိုင်ဗွီပိုးတွေ့ရှိရပြီး ရောဂါပိုးမြင့်မားသောကြောင့် အဆုတ်ထဲသို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း ဆေးရုံမှ ပြောကြားခဲ့သည်ဟု သိရသည်။

ထို့နောက် ရောဂါအခြေအနေအရကုသခဲ့ရာ ဆေးရုံတွင် အိတ်ချ်အိုင်ဗွီပိုး ရောဂါရှိသူများနှင့် အတူကုသနေထိုင်ရသည့်အတွက် မနေလိုသဖြင့် ဆေးရုံမှဆင်းကာ ရွာသို့ပြန်လာခဲ့ကြောင်း၊ ဆေးရုံမှဆင်းအပြီး တစ်လခန့်အကြာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာကာ နားအကြားအာရုံချို့တဲ့နေသဖြင့် ရန်ကုန်မြို့ဆာကူရာဆေးရုံသို့ သွားရောက် စစ်ဆေးခဲ့ရာ ဦးဝင်းတင်တွင် အိတ်ချ်အိုင်ဗွီပိုး မရှိသည်ကို ပေါ်ပေါက်ခဲ့ကြောင်း၊ ထို့သို့ အိတ်ချ်အိုင်ဗွီပိုးမရှိဘဲ ရှိသည်ဟုဆိုကာ မှားယွင်းဖော်ပြခဲ့သလို အဆိုပါပိုးရှိသည်ဆိုသဖြင့် သောက်သုံးခဲ့ရသည့်ဆေးများကြောင့် အကြားအာရုံချို့တဲ့ခဲ့ရကြောင်း၊ သို့ဖြစ်ပါ၍ ဆေးကုသရာတွင် တိကျသေချာမှုမရှိခြင်းကြောင့် လူနာမှာရပ်ရွာတွင် အရှက်ရခြင်းတို့အတွက် နစ်နာကြေးရလိုမှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျပ်သိန်းသုံးရာရလိုကြောင်း နစ်နာခဲ့သူ ဦးဝင်းတင်မှ တရားလိုပြုလုပ်ကာ မြို့တော်ဆေးရုံကိုယ်စား တာဝန်ခံရုံးအုပ်ကြီး ဒေါ်နွယ်နွယ်ဝင်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ ၂၀၁၆ ခုနှစ် အောက်တိုဘာလက စတင်တရားစွဲဆိုခဲ့ရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် လူနာရှင်အား နစ်နာကြေး ကျပ်သိန်းသုံးရာ ပေးဆောင်စေရန် မန္တလေးခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း၊ တိုင်းတရားလွှတ်တော်သို့ ဆေးရုံဘက်မှလည်း အယူခံတက်ခဲ့ရာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် မူလတရားရုံးအမိန့်သာ အတည်ဖြစ်စေရန် ချမှတ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံဆက်တက်ခဲ့ရာ ကျပ်သိန်း ၃၀၀ အစား ကျပ်သိန်း ၁၅၀ သို့ ပြောင်းလဲပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent