မိတ္ထီလာမြို့ မြို့မရဲစခန်း ရဲဓမ္မာရုံအတွင်း အိပ်ပျော်နေသော ရဲတပ်ဖွဲ့ဝင်များထံမှ ဖုန်းခြောက်လုံးနှင့် သေနတ်ထည့်ထားသော Laptop အိတ်အခိုးခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကို ရဲစည်းကမ်းဖြင့် အရေးယူထား

မိတ္ထီလာမြို့ မြို့မရဲစခန်း ရဲဓမ္မာရုံအတွင်း အိပ်ပျော်နေသော ရဲတပ်ဖွဲ့ဝင်များထံမှ ဖုန်းခြောက်လုံးနှင့် သေနတ်ထည့်ထားသော Laptop အိတ်အခိုးခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကို ရဲစည်းကမ်းဖြင့် အရေးယူထား
Published 7 July 2020
ဝဏ္ဏ (မိတ္ထီလာ)

ဇွန် ၉ ရက် နံနက်ပိုင်းက မိတ္ထီလာမြို့ မြို့မရဲစခန်းဝင်း အတွင်းရှိ ရဲဓမ္မာရုံအတွင်း အိပ်ပျော်နေသော ရဲတပ်ဖွဲ့ဝင်များထံမှ ဖုန်းခြောက်လုံးနှင့် ခြောက်လုံးပြူးတစ်လက် ထည့်ထားသော Laptop အိတ် အခိုးခံရသည့် ဖြစ်စဉ်နှင့် ပတ်သတ်၍ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးအား ရဲစည်းကမ်းဖြင့် အရေးယူထားကာ ရဲတပ်ဖွဲ့ဝင်များထံ လာရောက် လည်ပတ်နေထိုင်လေ့ရှိသော အမျိုးသားတစ်ဦးကို ရမန်ယူ စစ်ဆေးလျက်ရှိပြီး လက်ရှိအချိန် တစ်လနီးပါး ကြာသည်အထိ ဖော်ထုတ်ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

“ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကို ရဲစည်းကမ်းနဲ့ အရေးယူထားတာက အခုပျောက်ဆုံးမှုကြောင့် မဟုတ်သေးဘူး။ စည်းကမ်းနဲ့ စနစ်တကျ နေထိုင်မှု မရှိခဲ့လို့ ရဲဓမ္မာရုံအတွင်းမှာ နေထိုင်စဉ်မှာ လောင်းကစား လုပ်တာတို့ ဘာတို့ ရှိခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကို ရဲစည်းကမ်းနဲ့ အရေးယူထားတယ်။ နောက်တစ်ယောက်ကတော့ အပြင်လူ သူကတော့ ရဲတပ်ဖွဲ့ဝင်တွေဆီ လာရောက်လည်ပတ် ဝင်ထွက်သွားလာနေတဲ့လူ ခင်မင်ရင်းနှီးလို့ လာနေတဲ့လူ။ အဲဒီလူကိုတော့ ကျွန်တော်တို့ လက်နက်မှုနဲ့ ရမန်ယူပြီး စစ်ဆေးနေတယ်။ ပျောက်ဆုံးတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့လည်း ဖော်ထုတ်နိုင်ဖို့ အစွမ်းကုန် ဆောင်ရွက်နေတယ်။ လက်ရှိအချိန်ထိတော့ ပျောက်ဆုံးသွားတဲ့ ဖုန်းနဲ့သေနတ်ကို ပြန်လည်ရရှိခြင်း မရှိသေးပါဘူး” ဟု မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အုန်းဟန်ဦးက ဇူလိုင် ၇ ရက်တွင် ပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၉ ရက်က မိတ္ထီလာခရိုင် အသင့်လုံခြုံရေးတာဝန် ထမ်းဆောင်ရန် စုဖွဲ့ထားသော ဒုရဲအုပ်ကောင်းမြတ်ဇော်သည် မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက်၊ မြို့မရဲစခန်းဝင်း အတွင်းရှိ ရဲဓမ္မာရုံ ဘုရားစင်အနီး အိပ်စက်သည့်အိပ်ရာ ခေါင်းရင်း၌ ၎င်းကိုင်ဆောင်သည့် ခြောက်လုံးပြူး သေနတ်ကို Laptop ထည့်သည့် လက်ဆွဲအိတ်အတွင်းထည့်ကာ အိပ်ခဲ့ကြောင်း သိရသည်။ ထို့သို့အိပ်စက်ပြီး နောက် ဇွန် ၉ ရက် နံနက် ၅ နာရီခန့်တွင် ဒုရဲအုပ်ကောင်းမြတ်ဇော် အိပ်ရာနိုးချိန်တွင် ခေါင်းရင်း၌ထားသော ၎င်းပိုင်ဖုန်းတစ်လုံး၊ Laptop ထည့်သည့်အိတ်နှင့် အိတ်အတွင်းထည့်ထားသော ခြောက်လုံးပြူး သေနတ်အား တွေ့ရှိရခြင်း မရှိသဖြင့် စစ်ဆေးကြရာ အတူအိပ်ကြသည့် ရဲတပ်ဖွဲ့ဝင်များ၏ ဖုန်းများပါ စုစုပေါင်း ဖုန်းခြောက်လုံး ပျောက်ဆုံးနေကြောင်း သိရသဖြင့် ဒုရဲအုပ်ကောင်းမြတ်ဇော်က တရားလို ပြုလုပ်ကာ မိတ္ထီလာမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုအား မိတ္ထီလာမြို့မရဲစခန်းက (ပ)၂၈၅/၂၀၂၀၊ ၁၉၄၉ လက်နက်အရေးပေါ်ပြစ်ဒဏ် စီရင်မှု၊ ယာယီအက်ဥပဒေပုဒ်မ၂(၁)(က)၊ (ပ)၂၈၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖွင့်လှစ်ကာ စုံစမ်းစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Most Read

Most Recent