ချန်ပီယံဟောင်းကို ဂိုးပြတ်အရှုံးပေးခဲ့ရတဲ့ ချန်ပီယံအသစ်

ချန်ပီယံဟောင်းကို ဂိုးပြတ်အရှုံးပေးခဲ့ရတဲ့ ချန်ပီယံအသစ်
Published 3 July 2020

ပရီးမီးယားလိဂ်ပွဲစဉ် (၃၂)ပွဲပြီးသုံးသပ်ချက်

မန်စီးတီး ၄-၀ လီဗာပူးလ်

ချန်ပီယံဟောင်း မန်စီးတီးရဲ့ အီတီဟတ်ကွင်းထဲကို ချန်ပီယံအသစ်အဖြစ် ဝင့်ဝင့်ကြွားကြွား ဝင်ရောက်ခွင့်ရခဲ့တဲ့ လီဗာပူးလ်အသင်း မမျှော်လင့်တဲ့ ဂိုးပြတ်အရှုံးရလဒ်နဲ့အတူ ပြန်လည်ထွက်ခွာခဲ့ရပါတယ်။

ယာဂန်ကလော့ပ်က အတောင့်တင်းဆုံးလူစာရင်းကို ပွဲထုတ်ခဲ့ပြီး ပွဲစတာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်း တုံ့ပြန်ခွင့်မရသလောက်ဖြစ်အောင် အသာစီးယူကစားနိုင်ခဲ့ပေမယ့် ဂိုးရအောင် မသွင်းနိုင်ခဲ့ဘဲ ဆာလာရဲ့ အပိုင်ကန်ချက်ကလည်း တိုင်ထိထွက်ခဲ့ပါတယ်။ ပွဲရဲ့ အခြေအနေကို အလှည့်အပြောင်းဖြစ်စေခဲ့တာကတော့ (၂၅)မိနစ်မှာ စတာလင်ကို ဂိုးမက်ဇ် ဆွဲလှဲခဲ့တာကြောင့် ပယ်နယ်တီပေးခဲ့ရတာဖြစ်ပြီး ဒီဘရိုင်းနားက ကန်သွင်းယူခဲ့ပါတယ်။

ဂိုးရပြီးနောက်ပိုင်းမှာတော့ မန်စီးတီးရဲ့ ကစားပုံက ပိုကောင်းလာခဲ့ပြီး ဒီဘရိုင်းနားရဲ့ ခြေစွမ်းနဲ့ အဆင့်အတန်းကို ထပ်ပြီးသက်သေပြခဲ့တဲ့ပွဲလို့လည်း ဆိုနိုင်ပါတယ်။ တိုက်စစ်မြားဦးက ဂျေးဇူးသိပ်အလုပ်မဖြစ်ခဲ့ပေမယ့် စတာလင်နဲ့ ဖိုဒန်တို့က လီဗာပူးလ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ စတာလင်နဲ့ ဖိုဒန်တို့က (၃၅)နဲ့ (၄၅)မိနစ်မှာ (၂)ဂိုးထပ်သွင်းပြီး ပထမပိုင်းမှာပဲ လီဗာပူးလ်ကို အလဲထိုးခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း မာနေအပိုင်အခွင့်အရေးတစ်ကြိမ်ကို ဖြုန်းတီးခဲ့သလို၊ လီဗာပူးလ်အသင်း ဘယ်လိုမှပြန်မလာနိုင်ခဲ့ဘဲ မန်စီးတီးကပဲ (၆၆)မိနစ်မှာ တစ်ဂိုးထပ်သွင်းခဲ့ပါတယ်။ ဒီဂိုးက စတာလင်ရဲ့ကန်ချက်ကို ချိန်ဘာလိန်တားဆီးရာက ဝင်သွားခဲ့တာပါ။ မန်စီးတီးရရှိခဲ့တဲ့ဂိုးတွေထဲမှာ (၂)ဂိုးက တန်ပြန်တိုက်စစ်တွေကနေရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ပွဲချိန်နောက်ဆုံးမိနစ်မှာ မာရက်ဇ်က တစ်ကိုယ်တော်အစွမ်းနဲ့ နောက်တစ်ဂိုးသွင်းခဲ့ပေမယ့် VAR နဲ့ ပယ်ဖျက်ခဲ့တာကြောင့် မန်စီးတီးအသင်း ဂိုးထပ်မရခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ယာဂန်ကလော့ပ်ကိုင်တွယ်ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းနဲ့တွေ့ဆုံတဲ့ပွဲစဉ်တွေမှာပဲ ဂိုးအပြတ်ဆုံးရှုံးပွဲတွေကြုံခဲ့ရတာဖြစ်ပြီး ၂၀၁၇-၁၈ ရာသီ (မန်စီးတီး ၅-၀ လီဗာပူးလ်)နဲ့ အခု ၂၀၁၉-၂၀ ရာသီ (မန်စီးတီး ၄-၀ လီဗာပူးလ်)တို့ ဖြစ်ပါတယ်။

Most Read

Most Recent