မန်ယူအသင်း  ဒုတိယဂိုးမသွင်းမီ ဘောလုံးစည်းအပြင်ရောက်ခြင်းနှင့် လုခ်ရှော လူကျွံခြင်းတို့အား ဒိုင်များမသိကျိုးကျွံပြုခဲ့သည်ဟု ဘရိုက်တန်အသင်းစွပ်စွဲ

မန်ယူအသင်း  ဒုတိယဂိုးမသွင်းမီ ဘောလုံးစည်းအပြင်ရောက်ခြင်းနှင့် လုခ်ရှော လူကျွံခြင်းတို့အား ဒိုင်များမသိကျိုးကျွံပြုခဲ့သည်ဟု ဘရိုက်တန်အသင်းစွပ်စွဲ
Photo: Sky Sports
Photo: Sky Sports
Published 2 July 2020

ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ဘရိုက်တန်(၀-၃)မန်ယူပွဲတွင် မန်ယူအသင်း ဒုတိယဂိုးမသွင်းမီ ဖြစ်ပွားခဲ့သော အဓိကဖြစ်ရပ်နှစ်ခုကို ယင်းပွဲမှဒိုင်များက မသိကျိုးကျွံပြုခဲ့ကြသည်ဟု ဘရိုက်တန်အသင်းပရိသတ်များက စွပ်စွဲခဲ့ကြသည်။ 

ယင်းမှာ မန်ယူအသင်းအတွက် ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် ဂိုးမသွင်းမီ ဘောလုံးမှာ စည်းပြင်ပသို့ရောက်ရှိခဲ့ခြင်းနှင့် မန်ယူနောက်ခံလူ လုခ်ရှော လူကျွံခြင်းတို့ ဖြစ်ကြောင်း သိရသည်။

ဘရူနိုဖာနန်ဒက်စ်သည် ယင်းပွဲ၏ ပွဲချိန်(၂၉)မိနစ်တွင် အသင်းအတွက် ဒုတိယဂိုးကို အဝေးကန်ချက်ဖြင့် ကန်သွင်းယူနိုင်ခဲ့သည်။ 

ယင်းဂိုးမသွင်းမီ မန်ယူလူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်သည် ဘောလုံးကို ရယူရာ၌ ဘောလုံးမှာ ကွင်းဘေးစည်းကို ကျော်သွားခဲ့ကြောင်း ဘရိုက်တန်ပရိသတ်များက လူမှုကွန်ရက်ဝက်ဘ်ဆိုက်များတွင် ဝေဖန်ရေးသားခဲဲ့ကြသည်။ 

ရုပ်သံအနှေးပြန်လည်ပြသမှုတွင်လည်း ဂရင်းဝုဒ်အနေဖြင့် ဘောလုံးကို ထိန်းသိမ်းရာ၌ ဘေးစည်းကျော်သွားဖွယ်ရှိသည့် အနေအထားကို တွေ့ရသည်။ 

ထို့အတူ ဘရူနိုဖာနန်ဒက်စ် ဂိုးမသွင်းမီ မန်ယူအသင်း တိုက်စစ်ဆင်ရာ၌ မန်ယူနောက်ခံလူ လုခ်ရှောမှာ လူကျွံနေကြောင်း ရုပ်သံတွင် ပြန်လည်ပြသခဲ့သောပုံကို ဘရိုက်တန်ပရိသတ်များက လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြကာ ယင်းပွဲမှ VAR ဒိုင်များအား မေးခွန်းထုတ်ခဲ့ကြသည်။ 

လုခ်ရှောသည် ဘယ်တောင်ပံမှ  ဘောလုံးကိုရယူခဲ့ရာတွင် ဘရိုက်တန်ကစားသမားများထက် ရှေ့သို့ ကျွံထွက်နေသည်ကို ရုပ်သံပြကွက်များ၌ ရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ရသည်။

မန်ယူအသင်း ယင်းဒုတိယဂိုးရရှိသွားသည်ကို မကျေနပ်သူများထဲတွင် ဘရိုက်တန်ပရိသတ်များသာမက မန်ယူအသင်း၏ ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ဘက် လက်စတာအသင်း၏ ပရိသတ်များလည်းပါဝင်ကြောင်း သိရသည်။ 

မန်ယူပရိသတ်တစ်ဦးက Twitter တွင် ''ယူနိုက်တက်အသင်းဟာ အကောင်းဆုံးပုံစံနဲ့ အမှန်အကန်ပြန်လာခဲ့ပါပြီ''ဟု ရေးသားခဲ့ရာ လက်စတာပရိသတ်ဟု ယူဆရသူတစ်ဦးက ''စည်းပြင်ထွက်သွားတဲ့ဘောလုံးနဲ့ လူကျွံဘောကနေ ဂိုးရသွားတဲ့ အကြောင်းလေးပြောပါဦး''ဟု တုံ့ပြန်ရေးသားခဲ့သည်။ 

တခြားပရိသတ်တစ်ဦးကလည်း ''(လုခ်)ရှောက လူကျွံဘော ဖြစ်တယ်။ ဘောလုံးက စည်းပြင်ပရောက်တယ်။ ဒါတောင် VAR က အလုပ်မလုပ်ခဲ့ဘူး။ ဖာဂူဆန်ရဲ့အမွေအနှစ်တွေက မကုန်ဆုံးသေးဘူးထင်တယ်''ဟု ရေးသားခဲ့သည်။ 

မန်ယူအသင်းသည် ယင်းနိုင်ပွဲကြောင့် အမှတ်ပေးဇယား အဆင့်(၅)နေရာတွင် ရမှတ်(၅၂)မှတ်ဖြင့် ရပ်တည်လျက်ရှိပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုမိုမျှော်လင့်နိုင်သည့်အနေအထားသို့ ရောက်ရှိလာခဲ့သည်။

Most Read

Most Recent