လိုင်လီအသင်းသည် အိုဆင်မန်အား ရောင်းချလိုခြင်းမရှိသော်လည်း ကစားသမားဘက်ကမူ နေပယ်မြို့သို့ ရောက်ရှိလာပြီး နာပိုလီနည်းပြ ဂတ်တူဆိုနှင့်ပင် ညစာအတူစားခဲ့သည်။
နာပိုလီအသင်းက ယူရိုသန်း (၇၀)ဖြင့် ခေါ်ယူမည်ဟု သတင်းထွက်နေသည့် လိုင်လီတိုက်စစ်မှူး အိုဆင်မန်သည် နာပိုလီနည်းပြ ဂတ်တူဆိုနှင့် ညစာအတူစားခဲ့ပြီး နာပိုလီအသင်း၏ အနာဂတ်အစီအစဉ်များကို နှစ်ခြိုက်နေကြောင်း ၎င်းင်း၏ကိုယ်စားလှယ်ဖြစ်သူက အတည်ပြုခဲ့သည်။

နာပိုလီအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက လိုင်လီအသင်းမှ တိုက်စစ်မှူး အိုဆင်မန်အား ယူရိုသန်း(၇၀)၊ နောက်ခံလူ ဂါဘရီယဲလ်အား ယူရိုသန်း(၃၀)ဖြင့် ကမ်းလှမ်းခဲ့ကြောင်း ပြင်သစ်အပြောင်းအရွှေ့ဈေးကွက်ကျွမ်းကျင်သူ မန်နူလွန်ယွန်၏ ဖော်ပြချက်အရ သိရသည်။
လိုင်လီအသင်းသည် အိုဆင်မန်အား ရောင်းချလိုခြင်းမရှိသော်လည်း ကစားသမားဘက်ကမူ နေပယ်မြို့သို့ ရောက်ရှိလာပြီး နာပိုလီနည်းပြ ဂတ်တူဆိုနှင့်ပင် ညစာအတူစားခဲ့သည်။

အိုဆင်မန်၏ ကိုယ်စားလှယ်ဖြစ်သူ အိုကိုလိုက "သူ(အိုဆင်မန်)က နေပယ်မှာ နာပိုလီအသင်းဘက်က လူတွေနဲ့ တွေ့ခဲ့ပါတယ်။ နေပယ်မြို့မှာလည်း လည်ပတ်ခဲ့ပြီး သဘောကျနေပါတယ်။ ဂတ်တူဆိုနဲ့ ညစာ အတူစားခဲ့ပြီး နာပိုလီအသင်းရဲ့ အစီအစဉ်တွေကိုလည်း အထင်ကြီးနေပါတယ်။ နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်းတစ်နဲ့လည်း တွေ့ဖို့ အစီအစဉ်ရှိပါတယ်။ အရာအားလုံးက အဆင်ချောနေပြီး အခုအချိန်က ဒီကောင်လေးရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ရမယ့်အချိန်ပါပဲ"ဟု Radio Punto Nuovo သို့ ပြောကြားခဲ့သည်။
အိုဆင်မန်သည် ယခုရာသီတွင် လိုင်လီအသင်းအတွက် ပြင်သစ်လီဂူး၌ (၁၃)ဂိုး၊ ချန်ပီယံလိဂ်၌(၂)ဂိုးသွင်းယူကာ ခြေစွမ်းပြသခဲ့သူဖြစ်သည်။









