ဂျာမန်ဘောလုံးအဖွဲ့ချုပ်(DFB)သည် ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလကို အောက်တိုဘာ(၅)ရက်နေ့အထိ ဖွင့်လှစ်သွားရန် ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။
ဂျာမန်ဘောလုံးလောကတွင် နွေရာသီအပြောင်းအရွှေ့ကာလကို ပုံမှန်အားဖြင့် ဇူလိုင်လမှ သြဂုတ်လအထိ ဖွင့်လှစ်လေ့ရှိသော်လည်း ယခုနှစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အပြောင်းအလဲဖြစ်ခဲ့ခြင်းဖြစ်သည်။
ယခုဆုံးဖြတ်ချက်အရ ဂျာမန်ဘောလုံးလောကတွင် နွေရာသီအပြောင်းအရွှေ့စျေးကွက်ကို ဇူလိုင်(၁)ရက်၌ စတင်ဖွင့်လှစ်မည်ဖြစ်သော်လည်း ယင်းနေ့တစ်နေ့တည်းသာ ကစားသမားအရောင်းအဝယ်ပြုလုပ်ခွင့်ပြုမည်ဖြစ်ပြီး ဇူလိုင်(၁၅)ရက်မှ အောက်တိုဘာ(၅)ရက်အထိ တောက်လျှောက်လုပ်ဆောင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ဂျာမန်ဘောလုံးအဖွဲ့ချုပ်သည် ဥရောပဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့၏ လမ်းညွှန်ချက်များနှင့်အညီ နွေရာသီအပြောင်းအရွှေ့ကာလကို သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။









