အတူတကွအောင်ပွဲခံခွင့်ရမည့်အချိန်ကို စောင့်ဆိုင်းကြရန် လီဗာပူးလ်ပရိသတ်များအား ယာဂန်ကလော့ပ် ပန်ကြား

အတူတကွအောင်ပွဲခံခွင့်ရမည့်အချိန်ကို စောင့်ဆိုင်းကြရန် လီဗာပူးလ်ပရိသတ်များအား ယာဂန်ကလော့ပ် ပန်ကြား
Photo: Reuters
Photo: Reuters
Published 29 June 2020

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် နှစ်ပေါင်း(၃၀)ကြာ စောင့်စားခဲ့ရသည့် အမှတ်ပေးချန်ပီယံဆု ရရှိခြင်းအတွက် အောင်ပွဲခံမှုများပြုလုပ်နေကြသော လီဗာပူးလ်ပရိသတ်များကို အတူတကွအောင်ပွဲခံ ခွင့်ရမည့်အချိန်အား စောင့်ဆိုင်းကြရန် ပန်ကြားတောင်းဆိုခဲ့ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ချန်ပီယံအသင်းအဖြစ် ကြာသပတေးနေ့တွင် အဖြေပေါ်ခဲ့ပြီးနောက် လီဗာပူးလ်ပရိသတ်ထောင်ပေါင်းများစွာသည် လမ်းပေါ်သို့ထွက်ကာ စုဝေးအောင်ပွဲခံမှုများ ပြုလုပ်ခဲ့ကြသည်။ 

ထို့ကြောင့် လီဗာပူးလ်ရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိသူများက လူစုခွဲမှုများ ပြုလုပ်ခဲ့ရသလို၊ သတိပေးမှုများလည်း ပြုလုပ်ခဲ့ကြသည်။ 

ယခုကဲ့သို့ အောင်ပွဲခံမှုများကို ရပ်တန့်ခြင်းမရှိပါက လီဗာပူးလ်အသင်းအနေဖြင့် လက်ကျန်အိမ်ကွင်းပွဲများကို ကြားကွင်းတွင်သာ ယှဉ်ပြိုင်ကစားရနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ 

ထို့ကြောင့် ယာဂန်ကလော့ပ်က Liverpool Echo သတင်းစာမှတစ်ဆင့် အိတ်ဖွင့်ပေးစာ ရေးသားကာ ပရိသတ်များကို ပန်ကြားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါပေးစာတွင် ကလော့ပ်က ''မိမိအနေဖြင့် သတင်းစာမှ ပန်ကြားစာပေးပို့ခြင်းမှာ ပထမဆုံးဖြစ်ကြောင်း၊ ပရိသတ်များကို တိုက်ရိုက်ပြောကြားလို၍ဖြစ်ကြောင်း၊ ပရိသတ်များ၏ ခံစားချက်ကို နားလည်သော်လည်း ကျန်းမာရေးအန္တရာယ်ကြောင့် အတူတကွအောင်ပွဲခံခွင့်ရမည့်အချိန်ကို စောင့်ဆိုင်းစေလိုကြောင်း'' ပန်ကြားတောင်းဆိုခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent