ဘာစီလိုနာအသင်း၏ ကွင်းလယ်ကစားသမားဟောင်း ဇာဗီက မိမိသည် ဘာစီလိုနာအသင်းသို့ နည်းပြအဖြစ် ပြန်လာရန် မျှော်လင့်ထားပြီး ယင်းအခြေအနေအတွက် မိမိနှင့် နည်းပြအဖွဲ့ဝင်များအနေဖြင့် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ဇာဗီသည် ဘာစီလိုနာအသင်းနှင့်အတူ အောင်မြင်မှုများစွာရယူနိုင်ခဲ့သည့် ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်၌ ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်း၏ နည်းပြအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက နည်းပြ ဗယ်လ်ဗာဒီကို ထုတ်ပယ်ကာ ဇာဗီကို အစားထိုးရန် စီစဉ်ခဲ့သော်လည်း ဇာဗီက အချိန်မတန်သေးဟုဆိုကာ ငြင်းပယ်ခဲ့သည်။
ထို့ကြောင့် ဘာစီလိုနာအသင်းက ဘက်တစ်နည်းပြဟောင်း ဆယ်တီယန်ကို ခန့်အပ်ခဲ့သော်လည်း ဆယ်တီယန်၏ စွမ်းဆောင်ရည်ကို ကျေနပ်ခြင်းမရှိသည့်အတွက် ရာသီကုန်တွင် နည်းပြအပြောင်းအလဲ ထပ်မံပြုလုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။
ယင်းအခြေအနေတွင် ဇာဗီက ''ကျွန်တော့်ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က ဘာစီလိုနာအသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်ပြီး အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်ပို့ဆောင်ပေးနိုင်ဖို့ပါ။ ဒီအတွက် ကျွန်တော့်ရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးပြုလုပ်နေပါတယ်။ ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒါပေမဲ့ သုညကနေ စတင်ရမယ့် အနေအထားမျိုးကိုပဲ လိုချင်ပါတယ်။ ဘောလုံးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ကျွန််တော်ကိုယ်တိုင် ချမှတ်ခွင့်ရတဲ့ အခြေအနေမျိုးလည်း ဖြစ်စေချင်ပါတယ်'' ဟုပြောကြားခဲ့သည်။









