အာဆင်နယ်အသင်း နည်းပြဟောင်း အာစင်ဝင်းဂါးပါဝင်ဆွေးနွေးသည့် အာရှ ဘောလုံးအဖွဲ့ချုပ် (AFC)MA & PA အွန်လိုင်းညီလာခံကို ဇွန် (၂၅၊ ၂၆) ရက်က နှစ်ရက်ကြာကျင်းပခဲ့ကြောင်း သိရသည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲများရပ်နားထားသည့် ကာလတွင် အဖွဲ့ဝင်နိုင်ငံများမှ ဘောလုံးအဖွဲ့ ချုပ်များ၏ ဆောင်ရွက်မှု၊ လူငယ်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အဖွဲ့ချုပ်အထွေထွေအတွင်းရေး မှူးများနှင့် အွန်လိုင်းညီလာခံပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအွန်လိုင်းညီလာခံတွင် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း ပါဝင်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
အာစင်ဝင်းဂါးသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ကမ္ဘာ လုံးဆိုင်ရာ လူငယ်ဖွံ့ဖြိုးရေးအကြီးအကဲ အဖြစ် ပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး လူငယ် ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သင့်သည့်အရာ များကို ဆွေးနွေးပြောကြားခဲ့သည်။ ''AFC" ကပြုလုပ်တဲ့ အွန်လိုင်းညီလာခံကို နှစ်ရက် ကြာ ပြုလုပ်ခဲ့ပါတယ်။ AFC အဖွဲ့ဝင်နိုင်ငံ တွေက ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူးတွေ တက်ရောက်ခဲ့သလို AFC အတွင်းရေးမှူးနဲ့ တခြားတာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ ပါတယ်။ အာဆင်နယ်အသင်း နည်းပြဟောင်း အာစင်ဝင်းဂါးလည်း တက်ရောက်ခဲ့ပြီး လူငယ် ဖွံ့ဖြိုးရေးအတွက် ဘယ်လိုလုပ်သင့်တယ် ဆိုတာတွေကို အကြံပြုဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ကလည်း လူငယ်စီမံကိန်းတွေကို ပိုပြီးတွန်းအားပေးလုပ်ဆောင်နေတဲ့အချိန် မှာ ဒီလိုမျိုး ဆွေးနွေးခွင့်ရတာက အကျိုးရှိ ပါတယ်။ FIFA က လုပ်ဆောင်နေတာတွေကို အာစင်ဝင်းဂါးက ရှင်းပြခဲ့တာဖြစ်ပြီး ကျွန် တော်တို့ လုပ်လို့ရနိုင်တာတွေလည်းပါပါ တယ်" ဟု ဦးကိုကိုသိန်းက ပြောကြားသည်။
ညီလာခံပထမနေ့တွင် အဓိကဆွေးနွေး သည့် အာစင်ဝင်းဂါးအပါအဝင်FIFA နှင့် AFCတို့မှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ပြီး ဒုတိယနေ့တွင် အဖွဲ့ဝင်နိုင်ငံများမှ ဘောလုံး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးများ အပြန်အလှန်ဆွေးနွေးသည့် ကိစ္စရပ်များကို ပြန်လည်ဖြေကြားခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့်ကာလတွင် AFC အနေဖြင့် Video Conferencing ဖြင့် အစည်းအဝေး များ ပြုလုပ်လျက်ရှိပြီး ယခုနှစ်အတွင်းကျင်းပ မည့် လက်ရွေးစင်အဆင့်ပြိုင်ပွဲများ၊ အာရှ ချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲ လက်ကျန် ပွဲများ ကျင်းပရန်အတွက်လည်း ဆွေးနွေး ခဲ့သည်။ AFC သည် ယခုနှစ်အတွင်း ကျင်းပ မည့်ပြိုင်ပွဲများအား ဖျက်သိမ်းခြင်းမရှိဘဲ နှစ် ကုန်ပိုင်းတွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများ ကိုလည်း အောက်တိုဘာနှင့် နိုဝင်ဘာတွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။









