ယခုရာသီပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းသည် ချန်ပီယံဆုအပြင် လက်ကျန်ပွဲများတွင် ရလဒ်ကောင်းများရယူနိုင်ပါက စံချိန်မှတ်တမ်းများစွာချိုးဖျက်နိုင်ရန် အခွင့်အရေးရှိနေကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည်ရာသီမကုန်ဆုံးမီ (၇)ပွဲအလိုတွင် ချန်ပီယံဆုကို ရယူနိုင်ခဲ့သောကြောင့် အစောဆုံး ချန်ပီယံဖြစ်သည့်အသင်းအဖြစ် စံချိန်တင် ခဲ့သလို နိုင်ပွဲအများဆုံး၊ ရမှတ်အများဆုံး၊ အိမ်ကွင်းနိုင်ပွဲအများဆုံး၊ ဒုတိယနေရာမှ အသင်းနှင့် ရမှတ်ကွာခြားမှုအများဆုံး စသည့် စံချိန်များကို ချိုးဖျက်နိုင်မည့် အခွင့်အရေး လည်း ရှိနေသေးကြောင်း သိရသည်။
နိုင်ပွဲ အများဆုံးစံချိန်ကို မန်စီးတီးအသင်းက ၂၀၁၈၊ ၂၀၁၉ နှစ်ရာသီဆက်တိုက် (၃၂) ပွဲဖြင့် တင်ရှိထားပြီး လီဗာပူးလ်အသင်းက လက်ရှိ တွင် နိုင်ပွဲ (၂၈) ပွဲရရှိထားသည်။ ရမှတ်အများ ဆုံးစံချိန်ကို မန်စီးတီးအသင်းကပင် ၂၀၁၇-၂၀၁၈ ရာသီက (၁၀၀)မှတ်ဖြင့် ရရှိခဲ့ခြင်းဖြစ်ပြီး လီဗာပူးလ် အသင်းအနေဖြင့် လက်ကျန် (၇)ပွဲစလုံး အနိုင်ရပါက (၁၀၇) မှတ်အထိ ရောက်ရှိသွား နိုင်သည်။
အိမ်ကွင်းနိုင်ပွဲအများဆုံး (၁၈ ပွဲ) စံချိန်ကို ချယ်လ်ဆီး (၂၀၀၅-၂၀၀၆)၊ မန်ယူ (၂၀၁၀-၂၀၁၁)၊ မန်စီးတီး (၂၀၁၁-၂၀၁၂၊ ၂၀၁၈-၂၀၁၉) တို့ တင်ရှိထားပြီး လီဗာပူးလ် အသင်းက ယခုရာသီ (၁၆) ပွဲစလုံး အနိုင်ရထား သလို လက်ကျန်ပွဲအဖြစ် ဗီလာ၊ ဘန်လေ၊ ချယ်လ်ဆီးအသင်းတို့နှင့် ကစားရမည်ဖြစ် သည်။
ရမှတ်ကွာခြားမှု အများဆုံးစံချိန်ကို ၂၀၁၇-၂၀၁၈ ရာသီတွင် မန်စီးတီးအသင်းက (၁၉) မှတ်ဖြင့် တင်ရှိထားခြင်းဖြစ်ပြီး လက်ရှိ တွင် လီဗာပူးလ်အသင်းက မန်စီးတီးကို (၂၃) မှတ် ဖြတ်ထားသည်။









