ချယ်လ်ဆီးအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေသည့် ဝီလီယံနှင့် ပတ်ဒရိုတို့အား ယခုနှစ်ရာသီကုန်အထိ ကာလတို စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ပြီး ကာလရှည်စာချုပ်အတွက်မူ ဆွေးနွေးမှုများပြုလုပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။
ဝုလ်ဗ်နည်းပြ နူနိုဆန်တိုက ဘုန်းမောက်အသင်းအား (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့သည့် တိုက်စစ်မှူး ရာအူးလ်ဟီမင်နက်ဇ်အား ကြိုးစားအားထုတ်မှု ကောင်းမွန်ပြီး စိန်ခေါ်မှုများကို ကြိုက်နှစ်သက်သည့်ကစားသမားတစ်ဦးဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။
PSG အသင်းသည် အာဆင်နယ်အသင်း၏ စိတ်ဝင်စားခြင်းကို ခံနေရသည့် အသင်း၏ ပြင်သစ်လက်ရွေးစင်ဘယ်နောက်ခံလူ ကာဇာဝါ (၂၇ နှစ်)အား (၄)နှစ် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်အတွက် ကမ်းလှမ်းခဲ့ကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းသည် လီဗာပူးလ်အသင်းထံမှ ကလပ်စံချိန်တင် ပေါင် (၁၄၃)သန်းဖြင့် ခေါ်ယူထားသည့် ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုအား စျေးကြီးပေးခေါ်ယူလိုသည့်အသင်းမရှိသည့်အတွက် ပေါင်သန်း (၁၀၀)အထိ စျေးလျှော့ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
နယ်သာလန်ထိပ်သီးကလပ် အေဂျက်စ်အသင်း၏ ပရိသတ်များသည် အသင်း၏ အိမ်ကွင်းရှေ့တွင် အသင်းမှထွက်ခွာရန် စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်နေသည့် ဂိုးသမား အိုနာနာအား အသင်းတွင် ဆက်နေရန် တောင်းဆိုသည့်စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြုခဲ့ကြသည်။
နာမည်ကျော်အေးဂျင့် မီနိုရိုင်အိုလာသည် မစ်ခီတာရီယန်နှင့် ဂျက်စတင်ကလွိုက်ဗတ်တို့အား အလဲအထပ်ပြုလုပ်မည့်ကိစ္စအား ကလပ်အသင်းနှစ်သင်းစလုံးနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။









