ဘန်လေအသင်း၏ နည်းပြဖြစ်သူ ရှောင်ဒိုက်သည် သူ၏ စာချုပ်သစ်ကိစ္စအတွက်လည်းကောင်း၊ အသင်းက အပြောင်းအရွှေ့လှုပ်ရှားမှုများ ပြုလုပ်ပေးရန်အတွက် ပျက်ကွက်မှုများကြောင့်လည်းကောင်း အသင်းဥက္ကဋ္ဌဖြစ်သူ မိုက်ခ်ဂါးလစ်နှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး ရာသီကုန်တွင်အသင်းနှင့် လမ်းခွဲဖွယ်ရှိနေကြောင်း သိရှိရသည်။
ရှောင်ဒိုက်သည် ဘန်လေအသင်းနှင့် စာချုပ်သက်တမ်း (၂)နှစ်ကျန်ရှိနေသေးသော်လည်း အသင်းနှင့် နှစ်ရှည်စာချုပ်ချုပ်ဆိုရန် ဆန္ဒရှိနေပြီး၊ ဘန်လေအသင်းကမူ စာချုပ်သက်တမ်း၏ နောက်ဆုံးနှစ်မှသာ သက်တမ်းတိုး ရန်ကိစ္စကို ဆွေးနွေးလိုနေသည်။
ထို့ပြင် ဘန်လေအသင်း၏ လက်ရှိကစားသမားအင်အားသည် အသင်းကို နောက်ထပ်အဆင့်တစ်ဆင့်သို့ ပို့ဆောင်ရန် မလုံလောက်ဟု ယူဆသဖြင့် ကစားသမားသစ်များ ခေါ်ယူပေးရန် တောင်းဆိုမှုမှာလည်း အဆင်မပြေခဲ့ချေ။
ဘန်လေအသင်းသည် ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ငွေကြေးစိစစ်သုံးစွဲမှုများ ရှိနေသော်လည်း ရှောင်ဒိုက်က ပြီးခဲ့သည့် နွေရာသီနှင့် ဆောင်းရာသီဈေးကွက်များကတည်းက တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရှောင်ဒိုက်အနေဖြင့် အသင်းအပေါ် စိတ်ပျက်သည့် အရေးအကြီးဆုံးကိစ္စမှာ လက်ရှိအသင်း၏ စီနီယာကစားသမားများကိုပင် စာချုပ်သက်တမ်းတိုးရန် ပျက်ကွက်မှုများရှိနေခြင်းဖြစ်ပြီး ဘန်လေအသင်းသည် ကစားသမားများ၏လစာငွေကို အလွန်တင်းကျပ်စွာဆောင်ရွက်နေခြင်းကြောင့် စာချုပ်သစ်အတွက် အခက်အခဲကြုံတွေ့နေရခြင်းလည်းဖြစ်သည်။
ယင်းအတွက်ကြောင့် အချို့ကစားသမားများသည် အသင်းမှထွက်ခွာရန်စဉ်းစားနေသည်ဟုလည်း သိရှိရသည်။
ယင်းကိစ္စများနှင့်ပတ်သက်ပြီး ရှောင်ဒိုက်နှင့် မိုက်ခ်ဂါးလစ်တို့၏ တင်းမာမှုများမှာ ပိုမိုကြီးထွားလာခဲ့ပြီး ယခုအခါ ရှောင်ဒိုက်က သူ၏စာချုပ်ကို ဖျက်သိမ်းကာ ရာသီကုန်တွင် အသင်းမှ ထွက်ခွာရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ရှောင်ဒိုက်အား စိတ်ဝင်စားသည့်အသင်းများလည်း ရှိနေသည်ဟု မီဒီယာများကဆိုသည်။









