ကစားပုံနှင့်ပတ်သက်ပြီး ဝေဖန်နေသူများကို ဘောလုံးတွင် အနိုင်ရရေးကသာ အဓိကဖြစ်သည်ဟု ဆီမြွန်နီ တုံ့ပြန်

ကစားပုံနှင့်ပတ်သက်ပြီး ဝေဖန်နေသူများကို ဘောလုံးတွင် အနိုင်ရရေးကသာ အဓိကဖြစ်သည်ဟု ဆီမြွန်နီ တုံ့ပြန်
Photo: Getty Images
Photo: Getty Images
Published 25 June 2020

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ၎င်းတို့အသင်း၏ ကစားပုံနှင့်ပတ်သက်ပြီး ဝေဖန်နေသူများကို ဘောလုံးပွဲများတွင် အနိုင်ရရေးကသာ အဓိကဖြစ်သည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။ 

အက်သလက်တီကိုအသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလမတိုင်မီက လာလီဂါပြိုင်ပွဲတွင် ရလဒ်များကောင်းများရရှိရန် ရုန်းကန်ခဲ့ရသော်လည်း ကပ်ဘေးကာလအတွင်း ပြန်ကစားသည့် လာလီဂါပွဲစဉ် (၄)ပွဲတွင် ရှုံးပွဲမရှိဘဲ (၃) ပွဲ အထိ အနိုင်ရထားသည်။ 

သို့သော် အက်သလက်တီကိုအသင်းအနေဖြင့် အဆိုပါပွဲစဉ်များတွင် အိုဆာဆူနာအသင်းကိုသာ (၅-၀)ဂိုးဖြင့် အနိုင်ရခဲ့ပြီး ကျန်ပွဲများတွင် (၁)ဂိုးစီသာ သွင်းယူနိုင်ခဲ့သည်။ 

ထို့ပြင် အက်သလက်တီကိုအသင်းသည် အဆိုပါပွဲစဉ်များတွင် ဂိုးမပေးရရေးကိုသာ ဦးစားပေးကစားခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ 

ဆီမြွန်နီကမူ အဆိုပါဝေဖန်မှုများကို ဂရုမစိုက်ဘဲ မိမိတို့အသင်းနှင့် အသင့်တော်ဆုံးနည်းလမ်းဖြင့် အကောင်းဆုံးကစားနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဆီမြွန်နီက ''အကောင်းဆုံးလုပ်ဆောင်နိုင်တာကို လုပ်ဖို့ပဲ ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်။ ကျန်တာတွေကို ကျွန်တော်တို့ စိတ်မဝင်စားပါဘူး။ ဘောလုံးပွဲတွေမှာ အနိုင်ရဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ အနိုင်ရဖို့ ပြောင်းသင့်တာတွေကို ပြောင်းလဲပစ်ရမယ်။ လုပ်စရာရှိတာကို လုပ်ပါမယ်''ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဆီမြွန်နီက ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့ခြင်းမှာ မိမိတို့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။  ''လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းဖြစ်တဲ့ လီဗာပူးလ်ကို (၂)ပွဲဆက် အနိုင်ရလိုက်တာက  ကျွန်တော်တို့ကို ယုံကြည်မှုဖြစ်စေပါတယ်။ အဲဒီပွဲ တွေကနေ ကျွန်တော်တို့ လိုအပ်နေတာကို ရရှိခဲ့ပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။ 

Most Read

Most Recent