မာစီယဲလ်ရဲ့စီနီယာကစားသမားဘဝ ပထမဆုံးဟက်ထရစ်နဲ့ ဂိုးပြတ်နိုင်တဲ့ မန်ယူ

မာစီယဲလ်ရဲ့စီနီယာကစားသမားဘဝ ပထမဆုံးဟက်ထရစ်နဲ့ ဂိုးပြတ်နိုင်တဲ့ မန်ယူ
Published 25 June 2020

မန်ယူ ၃-၀ ရှက်ဖီးယူနိုက်တက်

ပထမပိုင်းကတည်းက ဒီပွဲက မန်ယူနိုင်မယ့်ပွဲဆိုတဲ့ ခံစားမှုမျိုးရခဲ့တယ်။ ကစားတာ စနစ်ကျပြီး တည်ငြိမ်လာတယ်။ မန်ယူအသင်းမှာ ကိုယ်ပိုင်ဟန်ရှိသလိုလည်း ခံစားရတယ်။ မန်ယူရဲ့ ပထမပိုင်းကစားပုံကို ကြည့်ရင် ကွင်းလယ်လူ (၃)ဦးက အသင်းအတွက် အရာရာပဲဆိုတာမျိုးကို မြင်ရတယ်။ မာတစ်က ကြံ့ခိုင်မှုသာရှိနေရင် အခုအချိန်အထိ ဖရက်ဒ်၊ တွမ်မီနေးတို့ မမီနိုင်သေးတဲ့အဆင့်ဖြစ်တယ်ဆိုတာကို Holding Midfielder နေရာကနေ သက်သေပြသွားခဲ့ တယ်။ ပေါ့ဘာက ဘရူနိုဖာနန်ဒက်စ်နဲ့ မာတစ်တို့ကြားထဲမှာ နေရာယူပြီး ကွင်းလယ်ကို စိုးမိုးထားတယ်။ ဘောလုံးကောင်းကောင်းဖြန့်တယ်။ လိုအပ်ရင် Penetrating Passes တွေပေးတယ်။ ဘရူနို ဖာနန်ဒက်စ်ကတော့ မန်ယူရဲ့ အင်နီယေစတာလို ကစားသမား ဖြစ်လာတယ်။

တိုက်စစ်နဲ့ ကွင်းလယ်ကို ကောင်းကောင်းချိတ်ဆက်ကစားပေးတယ်။ ဘောလုံးကို အဆင့်အတန်းမြင့်မြင့် ကစားပြခဲ့တာကို တွေ့ရတယ်။ ဒီကစားသမား (၃)ဦးရဲ့လွှမ်းမိုးမှုက ရှက်ဖီးယူနိုက်တက်ရဲ့ ကစားပုံကို အကန့်အသတ်တွေရှိစေခဲ့တယ်။ တိုက်စစ်ပိုင်းမှာတော့ ဂရင်းဝုဒ် ဘာမှ မလုပ်ပြနိုင်ခဲ့ဘူး။ ရပ်ရှ်ဖို့ဒ်က အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပေမယ့် ခြုံကြည့်ရင် အားရစရာမရှိသေးဘူး။ အလွန်ကောင်းမွန်တဲ့ အခွင့်အရေး(၂)ကြိမ်ကို လည်း ပထမပိုင်းမှာတင် ဖြုန်းတီးခဲ့တာ တွေ့ရတယ်။ မာစီယဲလ်ကတော့  ဒီရာသီအကောင်းဆုံးပုံစံတွေထဲက တစ်ခုကို ပြတယ်။ ဘောလုံးလည်း မဆုံးဘူး။ ကွင်းလယ်လူတွေနဲ့ တွဲဖက်ကစားနိုင် ခဲ့သလို အခွင့်အရေးတွေကိုလည်း အပိုင်အသုံးချ နိုင်ခဲ့တာ တွေ့ရတယ်။

ဘောလုံးအသင်းတစ်သင်း ကစားပုံကောင်းတယ်ဆိုတာ၊ Final Third Zone မှာ အလုပ်လုပ်ပုံကောင်းတာကို ဆိုလိုတဲ့ခေတ်ကို ရောက်နေပြီး မန်ယူအသင်းရဲ့ကစားပုံက ဒီလိုအဆင့်အတန်းမျိုးကို ပြသနေတယ်လို့ ပြောရဲတယ်။ ဒီလို ခြေစွမ်းမျိုးကို တည်တည်ငြိမ်ငြိမ်ထိန်းနိုင်ပြီး ပွဲတိုင်း Consistency အပြည့်နဲ့ ကစားနိုင်ပြီဆိုတဲ့ အချိန်ရောက်ရင် မန်ယူရဲ့ကစားပုံက တကယ်ကို နောက်တစ်ဆင့်ကိုတက်ပြီလို့လည်း ပြောလို့ရတယ်။ ဒုတိယပိုင်းမှာလည်း မန်ယူကပဲ ပွဲကို ဆက်လက်စိုးမိုးနိုင်ခဲ့ပြီး မာစီယဲလ်ရဲ့ကစားပုံက ပိုပြီးကောင်းလာတယ်။ အသင်းလိုက် Tempo က တက်လာပြီး ဟန်ချက်လည်း ပိုညီလာတယ်။

ရှက်ဖီးယူနိုက်တက်အတွက် ခက်ခဲမှုက ပိုပိုစိုးလာတယ်။ ပြီးတော့ မန်ယူကွင်းလယ်နဲ့ တိုက်စစ်ပိုင်းရဲ့အချိတ်အဆက်၊ တွဲလုံးတွေကြောင့် ခံစစ်မှာ ဟာကွက်တွေ များလာတယ်။ နောက်ဆုံးတော့ မာစီယဲလ်ရဲ့ ဟက်ထရစ်ဂိုးကို ပေးလိုက်ရတာဖြစ်တယ်။ ဒီပွဲမှာ အဓိကပြောစရာဖြစ်ခဲ့တဲ့ မာစီယဲလ်ရဲ့ စွမ်းဆောင်ရည်ကတော့ Positioning ပဲ။ ဂိုးသွင်းရမယ့်နေရာတွေမှာ ကွက်တိစောင့်လာနိုင်ပြီး အဆုံးသတ်ပုံက တည်ငြိမ်ပြီး ရင့်ကျက်လာတာကိုတွေ့ရတယ်။ ပထမဂိုးမှာ ရပ်ရှ်ဖို့ဒ် ပေးမယ့်နေရာကို ကြိုစောင့်နေပြီး ဒုတိယဂိုးမှာ ဝမ်ဘစ်ဆာကာ ပေးမယ့်နေရာကို ကြိုစောင့်နေတာ၊ အဆုံးသတ်ခဲ့တာတွေက  တကယ်အဆင့်မြင့်ပါတယ်။ အကောင်းဆုံးဂိုးကတော့ တတိယဂိုးပဲ။ ပေါ့ဘာ-ဖာနန်ဒက်စ်-မာစီယဲလ်-ရပ်ရှ်ဖို့ဒ် တွဲလုံးကနေ မာစီယဲလ်က လှလှပပ အဆုံးသတ်ခဲ့တာဖြစ်တယ်။

Most Read

Most Recent