အဲဗာတန်အသင်း၏ ဘရာဇီးလ်လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား ရစ်ချာလီဆန်က ဘာစီလိုနာအသင်းနှင့် မန်ယူအသင်းတို့သည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလက မိမိကိုခေါ်ယူရန် ကြိုးပမ်းခဲ့သည်ဟု အတည်ပြုပြောကြားခဲ့သည်။
ရစ်ချာလီဆန်က မိမိသည် ဥရောပထိပ်တန်းအသင်းကြီးများ၏ ကမ်းလှမ်းမှုကို ခံခဲ့ရသော်လည်း ရာသီအလယ်ကာလတွင် အသင်းမှ ထွက်ခွာလိုခြင်းမရှိသောကြောင့် ယင်းကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
ယင်းကဲ့သို့ဆိုခဲ့ခြင်းက ရစ်ချာလီဆန်သည် ယခုရာသီကုန်ဆုံးချိန်တွင်မူ အသင်းမှ ထွက်ဖွယ်ရှိသည်ဆိုသည့် သဘောမျိုးဖြစ်သော်လည်း ထိုအချက်နှင့် ပတ်သက်၍မူ ပြောကြားခဲ့ခြင်းမရှိချေ။
ရစ်ချာလီဆန်က မန်ယူအသင်းထံသို့ မပြောင်းခဲ့ခြင်းနှင့်ပတ်သက်သည့် မေးမြန်းမှုကို "မန်ယူအသင်းတင်မဟုတ်ပါဘူး။ တခြားကလပ်အသင်းတွေလည်း ပါပါတယ်။ ကျွန်တော့်အတွက် အဲဗာတန်အသင်းထံကို ကမ်းလှမ်းမှုတွေ အရမ်းကိုများခဲ့ပါတယ်။ ဘာစီလိုနာအသင်း လည်းပါတယ်။ မန်ယူလည်း ပါပါတယ်။ ဒါပေမဲ့ ကလပ်အသင်းက ကျွန်တော့်ကို မရောင်းချင်ဘူး။ ကျွန်တော်အပါအဝင် အသင်းရဲ့ အဓိက ကစားသမားတွေကို သူတို့က ဆက်ထိန်းထားချင်တယ်။ ကျွန်တော်ကလည်း ရာသီလယ်ကာလကြီးမှာ အသင်းကို မစွန့်ခွာချင်လို့ ဒီအပြောင်းအရွှေ့တွေကို လက်မခံခဲ့ပါဘူး။ ဘောလုံးရာသီတစ်ခုရဲ့အလယ်မှာ ထွက်ခွာသွားတယ်ဆိုတာ တခြားအသင်းဖော်တွေကိုလည်း အခက်အခဲဖြစ်စေပါတယ်။ နောက်တစ်ချက်က ဘာစီလိုနာဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်လို့ သူတို့ဆီကို ပြောင်းတယ်ဆိုတာ ပျော်စရာကောင်းတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကိုယ့်အသင်းမှာ ကိုယ်ဆက်ကစားပြီး ပျော်ရွှင်ရတာလည်း ဘောလုံးရဲ့အစိတ်အပိုင်းတစ်ခုပါပဲ"ဟု ဘရာဇီးလ်မီဒီယာ တစ်ခုဖြစ်သည့် Los Desimpedidos ထံသို့ ဗီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည်။
ရစ်ချာလီဆန်သည် အသက်(၂၃) နှစ်သာရှိသေးပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် (၁၉)ပွဲကစားကာ (၆)ဂိုးသွင်းယူထားသူဖြစ်သည်။
သူသည် ဝက်ဖို့ဒ်မှ အဲဗာတန်သို့ ပေါင်သန်း (၅၀)ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။









