ယခင်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်လက်ထက်တွင် ဥပဒေ၊ နည်းဥပဒေအရ လက်ရှိရာထူးတာဝန် ယူထားသည့် အဖွဲ့များအနေဖြင့် မည်သို့လုပ်ရမည်ကို ညှိနှိုင်းထားခြင်းများရှိပြီး ၂၀၂၀ ရွေးကောက်ပွဲ၌လည်း ယင်းအတိုင်းသာလုပ်ရမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား 

ယခင်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်လက်ထက်တွင် ဥပဒေ၊ နည်းဥပဒေအရ လက်ရှိရာထူးတာဝန် ယူထားသည့် အဖွဲ့များအနေဖြင့် မည်သို့လုပ်ရမည်ကို ညှိနှိုင်းထားခြင်းများရှိပြီး ၂၀၂၀ ရွေးကောက်ပွဲ၌လည်း ယင်းအတိုင်းသာလုပ်ရမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား 
Published 20 June 2020
အောင်မင်းသိန်း

ယခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌလက်ထက်တွင် ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နည်းဥပဒေအရ လက်ရှိရာထူးတာဝန်ယူထားသည့် အဖွဲ့များအနေဖြင့် မည်သို့လုပ်ရမည်ကို ညှိနှိုင်းထားခြင်းများရှိကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

 ဇွန် ၁၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ရွေးကောက်ပွဲဝင်မည်ဟု ပါတီဘက်က ပြောဆိုထားခြင်းများ ရှိသည့်အတွက် မဲဆွယ်ကာလ ရောက်သည့်အခါတွင် နိုင်ငံရေးရာထူးရယူထားခြင်းနှင့် ရွေးကောက်ပွဲမဲဆွယ်ရန် မည်သို့ ကြိုတင်စီစဉ်ထားသနည်းဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုက ဦးဇော်ဌေးက အထက်ပါတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ အဲတာတော့ အရင်ကတည်းကလည်း ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းတွေရှိတယ်။ ဘယ်လို လုပ်ထုံး လုပ်နည်းလဲဆိုတော့ အဲဒီကတည်းကတိုင် ကျွန်တော်တို့ အဲဒီတုန်းက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးပေါ့နော်၊ အဲဒီလိုမျိုး ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နည်းဥပဒေအရပေါ့နော်၊ လက်ရှိ ရာထူးတာဝန် ယူထားတဲ့အဖွဲ့တွေအနေနဲ့ ဘယ်လိုလုပ်ရမလဲဆိုတာတွေ ညှိနှိုင်းထားတာတွေ ရှိတယ်။ အခုလည်း အဲဒီအတိုင်းပဲ လုပ်ရမှာ။ ဘာလဲဆိုတော့ သူတို့က လက်ရှိနိုင်ငံတော်ရဲ့ အကြီးအကဲတွေဖြစ်တယ်။ ဖြစ်တဲ့အတွက် သူတို့သွားတဲ့အခါမှာ အဆောင်အယောင်တို့၊ လုံခြုံရေးတို့ရှိတယ်။ ကိစ္စတစ်ခုကို သုံးတဲ့အခါမှာ တချို့ ကျွန်တော်တို့ လေ့လာမိသလောက်၊ အိန္ဒိယနိုင်ငံမှာတော့ ဒါဥပဒေပြဋ္ဌာန်းထားတယ်။ စည်းမျဉ်းစည်းကမ်းတွေ သေချာသတ်မှတ်ထားတယ်။ ဥပမာ အဲဒီတုန်းက လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းပေါ့နော်၊ သူရဦးရွှေမန်းသွားတဲ့အချိန်မှာ သူကနေပြီးတော့ နေပြည်တော်ကနေပြီးတော့ သူ့ရဲ့ မဲဆန္ဒနယ် ဇေယျဝတီ ဖြစ်စေ၊ ဖြူးဖြစ်စေသွားတဲ့အချိန်မှာတော့ သူ့ရဲ့ လုံခြုံရေး၊ အဆောင်အယောင်ယာဉ်တွေနဲ့သူသွားလို့ရတယ်။ အဲဒီဒေသကို ရောက်တယ်။ အဲဒီဒေသကို ရောက်ပြီ ဒါကတော့ သွားလိုက်တဲ့ဟာ။ အဲဒီဒေသမှာ သူ့ရဲ့ Canpaign အတွက် ဆက်သွားရင်တော့ ဒီဟာတွေ သူပါလို့ မရတော့ဘူး။ ပါလို့မရတော့ အဲဒီမှာ သွားတဲ့အချိန်ကျရင်တော့ ကျန်တဲ့ ပါတီဘက်ကပစ္စည်း ဖြစ်စေ၊ ကိုယ်ပိုင်ပစ္စည်းဖြစ်စေ ဒါမျိုးတွေနဲ့ သွားရမယ်။ ဝန်ထမ်းလည်း နိုင်ငံဝန်ထမ်းလည်း အဲဒီအချိန်ကျရင် သုံးလို့မရဘူး။ အဲ Campaign သွားတဲ့အချိန်ကျရင် သုံးလို့မရဘူး။ ဒါမျိုးလေးတွေတော့ အရင်တုန်းကတော့ စည်းမျဉ်းစည်းကမ်းရယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ သေချာရှင်းရှင်းလင်းလင်းဖြစ်အောင် ဆွေးနွေးတယ်။ ဒါမျိုးတွေစည်းကမ်းလေးတွေ သတ်မှတ်ထားတာ ရှိတယ်။ အခုလည်းပဲ ဒါတွေကတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်တဲ့ ပါတီတို့ ဘာတို့နဲ့ဆိုင်တာပေါ့နော်။ ကျွန်တော်တို့က ဒါကတော့ အကြမ်းဖျင်း ပြောပြတာပေါ့” ဟု ဦးဇော်ဌေးက ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား နိုင်ငံတော်က ပေးအပ်ထားသည့် အဆောင်အယောင်များအား အသုံးမပြုရဟု ဥပဒေတွင် တားမြစ်ထားခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် သတင်းများ ထုတ်ပြန်သည့်အခမ်းအနားတွင် ပြောကြားသည်။

“နိုင်ငံတော်သမ္မတို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ပေးအပ်ချီးမြှင့်ထားတဲ့ မော်တော်ကားပေါ့။ သူတို့ရဲ့ လုံခြုံရေးအတွက် နိုင်ငံတော်ကနေ စီစဉ်ပေးထားတာကို။ ဆိုတဲ့အခါကျတော့ သူတို့ရဲ့လုံခြုံရေးအတွက် စီစဉ်ထားတဲ့ကိစ္စကို ဒါကို ဥပဒေက မလုပ်ရဘူးလို့ တားမြစ်ထားတာတော့မရှိပါဘူး။ တခြားကားကို ပြောင်းစီးရမယ်။ နိုင်ငံတော်က စီမံပေးထားတာကို။ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သူတို့ရဲ့ လုံခြုံရေးဒီကားတွေနဲ့ သွားရမယ်။ ဒီလူတွေက စောင့်ရှောက်ရမယ်။ ဒါတွေကို မပေးရဘူးလို့ ပိတ်ပင်ထားတာတော့ မရှိပါဘူး” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (ဌ) တွင်လည်း နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်း၊ မြေ၊ တစ်စုံတစ်ရာအား တရားဝင်ပိုင်ဆိုင်သုံးစွဲခွင့် ရရှိထားပါက ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားကြောင်း ဦးမြင့်နိုင်က ဆိုသည်။

Most Read

Most Recent