ICJ တွင် အမှုရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဂျီနိုဆိုက်ကွန်ဗင်းရှင်းအရ တရားစွဲခံရသူသည် မဖြေရှင်းပါက တရားစွဲသည့်နိုင်ငံက အမှုကိုအနိုင်ပေးရန် တောင်းဆိုခွင့်ရှိသည့်အတွက် အမှုရှုံးမည်ဖြစ်ခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပြောကြား

ICJ တွင် အမှုရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဂျီနိုဆိုက်ကွန်ဗင်းရှင်းအရ တရားစွဲခံရသူသည် မဖြေရှင်းပါက တရားစွဲသည့်နိုင်ငံက အမှုကိုအနိုင်ပေးရန် တောင်းဆိုခွင့်ရှိသည့်အတွက် အမှုရှုံးမည်ဖြစ်ခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပြောကြား
Published 20 June 2020
အောင်မင်းသိန်း

ICJ တွင် အမှုရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဂျီနိုဆိုက်ကွန်ဗင်းရှင်းအရ အမှုတစ်ခုတွင် တရားစွဲခံရသူသည် တရားရုံးတွင် သွားရောက်မဖြေရှင်းပါက တရားစွဲသည့်နိုင်ငံက အမှုကိုအနိုင်ပေးရန် တောင်းဆိုခွင့်ရှိသည့်အတွက် အမှုရှုံးမည်ဖြစ်သောကြောင့်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ပြောကြားသည်။

ဇွန် ၁၉ ရက်က ကျင်းပသည့် အစိုးရ၏ စတုတ္ထတစ်နှစ်တာအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ICJ သို့ ထပ်မံတင်သွင်းရမည့် အစီရင်ခံစာနှင့် ရွေးကောက်ပွဲအပြီး အစိုးရအပြောင်းအလဲဖြစ်ခဲ့ပါက မည်သို့ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားနည်းဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ထိုသို့ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

 “ ICJ မှာ တရားစွဲတယ်ဆိုတာ နိုင်ငံကို စွပ်စွဲတာပါပဲ။ ဒါဟာ အင်မတန် အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် မနှစ်က နိုဝင်ဘာလ ၁၁ ရက်နေ့က ဂမ်ဘီယာက ICJ မှာ ဂျီနိုဆိုက်ကွန်ဗင်းရှင်းပါ အချက်တွေကို မလိုက်နာဘူးလို့ စွပ်စွဲတဲ့အချိန်မှာ ကျွန်တော်တို့ ဒီမှာအကြေအလည်ဆွေးနွေးပါတယ်။ ကျွန်တော်တို့သွားပြီး တရားရင်ဆိုင်မလား။ မရင်ဆိုင်ဘူးလား။ ကျွန်တော်တို့ ဆွေးနွေးကြတဲ့အခါမှာအရေးကြီးတဲ့ အချက်တွေ တွေ့ပါတယ်။ နံပါတ်တစ်ကတော့ ICJ က ကုလသမဂ္ဂကွန်ဗင်းရှင်းအရဆိုရင် ICJ ဟာ ကုလသမဂ္ဂရဲ့ တရားစီရင်ရေးစနစ် ဖြစ်ပါတယ်” ဟု ဦးစိုးဟန်က ပြောကြားသည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းသည ်ICJ တွင် အလိုအလျောက်အဖွဲ့ဝင်ဖြစ်ပြီး မြန်မာနိုင်ငံသည် ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို ၁၉၅၆ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးထားကြောင်း အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ပြောကြားသည်။

အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က “နောက် အရေးကြီးတဲ့တစ်ချက်က ဂျီနိုဆိုက် ကွန်ဗင်းရှင်းမှာပါတဲ့ ပြဋ္ဌာန်းချက်တွေအရဆိုရင် ကျွန်တော်တို့အမှုတစ်ခုကို တရားစွဲခံရတဲ့လူက ဒီတရားရုံးမှာသွားပြီး မဖြေရှင်းဘူးဆိုရင် တရားစွဲတဲ့နိုင်ငံက ဒီအမှုကို သူ့ကိုအနိုင်ပေးပါလို့ သူ့မှာ တောင်းဆိုပိုင်ခွင့်ရှိတယ်။ ဆိုတော့ ကျွန်တော်တို့ ရှင်းရှင်းလေး ကျွန်တော်တို့မသွားရင် ဒီအမှုဟာ ကျွန်တော်တို့ ရှုံးမယ်။ အဲတော့ ကျွန်တော်တို့ ဆုံးဖြတ်တယ်။ ကျွန်တော်တို့ သွားကိုသွားရ မယ်။ ဒါကဘာလဲဆိုရင် ဒါကနိုင်ငံရဲ့ Image ၊ ပြည်သူ ပြည်သားတွေရဲ့ Image ၊ နိုင်ငံရဲ့ အကျိုးစီးပွား ဒါတွေနဲ့သက်ဆိုင်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တရားရင်ဆိုင်ဖို့လိုအပ်တဲ့ ဘဏ္ဍာငွေကြေးတွေရရှိဖို့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်ခဲ့တဲ့အခါမှာလည်း ကျွန်တော်တို့ရဲ့ ရပ်တည်ချက်၊ ဒီဖြစ်ရပ်မှန်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးပြီးတော့ တင်ပြခဲ့တယ်။ အခုနကပြောတဲ့ Provisional Measure (ကြားဖြတ်အမိန့်) လေးခု၊ ဒီလေးခု ဆိုတာလည်း ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ဘာမှထိခိုက်နိုင်တဲ့ အချက်တွေ ဘာမှမပါဘူး” ဟု ပြောကြားသည်။

ဂျီနိုဆိုက်ကွန်ဗင်းရှင်းအဖွဲ့ဝင်ဖြစ်သည့်အတွက် ကွန်ဗင်းရှင်း၌ ပါသည့်အချက်များအတိုင်း လိုက်နာနေထိုင်ရန်၊ တားဆီးဆောင်ရွက်မှုများ ပြုလုပ်ပေးရန်အချက်များသာ ပါသည့်ရမည်ဆိုသည့်အတွက် လေးလအတွင်း  ပထမအကြိမ် အစီရင်ခံစာတင်ပြခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ ကျွန်တော်တို့ တတ်နိုင်သ၍ ကျွန်တော်တို့ရဲ့ရှိသမျှ Resources တွေနဲ့ ကျွန်တော်တို့ ကြိုးစားပြီး လုပ်ပါတယ်။ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေအားလုံး နေ့မအား ညမအား လုပ်ပြီးတင်ပါတယ်။ အဲဒီတော့ ပုံမှန်အားဖြင့်ဆိုလည်း နောက်တစ်ကြိမ် နောက်ခြောက်လအကြာမှာ ပုံမှန် ပုံမှန်တင်သွားရမယ့် အလုပ်ဖြစ်ပါတယ်။ ဒါဟာနိုင်ငံရဲ့အကျိုးစီးပွားပါ။ နိုင်ငံသားတွေရဲ့အကျိုးစီးပွားကို ကျွန်တော်တို့ လုပ်နေတာဖြစ်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဒီဟာ၊ ဒီလုပ်ငန်းစဉ်ကို ကျွန်တော်တို့ ဆက်လုပ်နေရမှာ ဖြစ်ပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ပြောကြားသည်။

ထို့ပြင် ICJ တွင် ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် မြန်မာနိုင်ငံအား စတင်တရားစွဲဆိုခြင်းဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တွင် မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံတို့အား သည်ဟိတ်တွင် လာရောက်၍ နှုတ်ဖြင့် လျှောက်လဲချက်တင်ရန် အကြောင်းခဲ့ကြောင်း၊ မိမိတို့တွင် အချိန်တစ်လသာရှိသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ကလည်း ခွင့်ပြုကြောင်း၊ သို့ရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဘတ်ဂျက် ICJ သို့ သွားရောက်လျာထားငွေ မပါဝင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဘတ်ဂျက်၌ နိုင်ငံခြားရေးဝန်ကြီးဌာနကို ခွင့်ပြုထားသည့် သာမန်အသုံးစရိတ် ခေါင်းစဉ်အောက် ခေတ္တသုံးစွဲခဲ့ပြီး နောက်ပိုင်းမှသာ ဖြည့်စွက်ဘတ်ဂျက်တွင် တောင်းခံခဲ့ခြင်းဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန်က ရှင်းလင်းပြောကြားသည်။

“ ဘာလို့လည်းဆိုတော့ ဒီကနေခဏ သုံးတယ်ဆိုတာလည်း ဒါတွေကပေးချေဖို့ ဟာတွေ။ အမှန်တကယ်သုံးစွဲပြီး ပေးချေရမယ့်ငွေတွေဖြစ်တဲ့အတွက် ဒါကိုပြန်ပြီး ဖြည့်စွက်ပြီးတော့ ပြုပြင်ပြီးခန့်မှန်းခြေမှာ ပြန်ပြီး ဖြည့်စွက်ထည့်ပေးရတာပါ။ ကျွန်တော်ဆိုလိုတာက ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့အညီပေါ့၊ နိုင်ငံရဲ့ချမှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ကျွန်တော်တို့ တရားဝင် ဆောင်ရွက်တာလို့ ဖြေကြားလိုပါတယ်။ (ရှေ့နေ ငှားရမ်းခ ဘယ်လောက် သုံးစွဲခဲ့မေးမြန်း) ဒီအချက်တွေကတော့ တစ်ချို့ အချက်တွေကတော့ ကျွန်တော်တို့ ပြောလို့တော့ မရပါဘူး” ဟု  အမြဲတမ်းအတွင်းဝန်က ပြောကြားသည်။

Most Read

Most Recent