ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် အထွေထွေရွေးကောက်ပွဲတွင် မြို့နယ် ၂၅၅ ခု၌ သက်ဆိုင်ရာလွှတ်တော်အသီးသီးအပြင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာများလည်း ဝင်ရောက်ယှဉ်ပြိုင်မည်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် အထွေထွေရွေးကောက်ပွဲတွင် မြို့နယ် ၂၅၅ ခု၌ သက်ဆိုင်ရာလွှတ်တော်အသီးသီးအပြင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာများလည်း ဝင်ရောက်ယှဉ်ပြိုင်မည်
Published 20 June 2020
အောင်မင်းသိန်း

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ် ၂၅၅ ခုတွင် သက်ဆိုင်ရာလွှတ်တော် အသီးသီးအပြင် တိုင်းရင်းသားရေးရာဝန်ကြီးများလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားသည်။

ဇွန် ၁၈ ရက် နေပြည်တော်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရုံး A-3 ၌ Teleconferencing စနစ်ဖြင့် သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် သူရဦးရွှေမန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) အနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၂၅၅ မြို့နယ်မှာရှိကြတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအပြင် တိုင်းရင်းသားရေးရာဝန်ကြီးများလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ အကြမ်းဖျင်းမှတ်လို့ရနိုင်အောင် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်ပေါင်းဟာ အနည်းဆုံး လူပေါင်း ၉၀၀ ရှိပါမယ်။ ဒီထက်ပိုများလာနိုင်တဲ့ အနေအထားရှိပါတယ်။ ပါတီရဲ့ မျှော်မှန်းချက်ကတော့ လာမယ့်ရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်ရဲ့ ၄၀ ရာခိုင်နှုန်းကနေပြီးတော့ ၅၀ ရာခိုင်နှုန်းအတွင်း အောင်မြင်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲအောင်မြင်လာချိန်တွင် ပါတီအနေဖြင့် အစိုးရအဖွဲ့တစ်ရပ် ဖွဲ့စည်းနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး စေတနာရှိသော၊ အရည်အချင်းရှိသော၊ စွမ်းဆောင်ရည်ကောင်းသော အစိုးရအဖွဲ့တစ်ရပ်ဖြစ်၍ နိုင်ငံတော်နှင့် ပြည်သူများကို ကောင်းစွာ အလုပ်အကျွေးပြုသွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

ပါတီက ကိုယ်စားလှယ်လောင်း ၉၀၀ ကျော် ပြိုင်ဆိုင်မည်ဆိုသည့်အတွက် ရန်ပုံငွေ အင်အား မည်မျှရှိသနည်းဆိုသည့် မေးမြန်းမှုကို သူရဦးရွှေမန်းက “ ပါတီရန်ပုံငွေက အရေးကြီးပါတယ်။ အဲဒီပါတီရန်ပုံငွေဘယ်လို စုဆောင်းသလဲဆိုတာလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ စပြီးတော့ ပါတီထူထောင်တဲ့အချိန်မှာ ပါတီရန်ပုံငွေရဲ့ အခြေခံအနေနဲ့ မိမိတို့စုဆောင်းထားတဲ့အပေါ်မှာ အခြေခံပြီးတော့ နောက်ပိုင်းကျတဲ့အခါကျမှ ပြည်သူများပါဝင်၊ ထည့်ဝင်ငွေဟာလည်း ဒီနေ့ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီနည်းတူပဲ ပြည်သူများဆိုတဲ့နေရာမှာ သက်ဆိုင်ရာ မြို့နယ်၊ ဒေသအသီးသီးကလည်း ပါတီကို စိတ်ဝင်စားပြီးတဲ့အခါမှာ ပါတီအောင်နိုင်ရေးအတွက် သူတို့ စိတ်ဝင်စားတဲ့သူတိုင်း တတ်စွမ်းသမျှ ၀ိုင်းဝန်ကူညီတာလည်း ရှိပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

မိမိတို့ပါတီသည် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီဖြစ်ပြီး ပြည်ထောင်စုကြီးကို ကောင်းအောင်ဆောင်ရွက်မည်ဖြစ်ခြင်းကြောင့် တတ်နိုင်သည့်သူများက လူအား၊ ငွေအား၊ ပစ္စည်းအားနှင့် စိတ်အားများပါ ပါဝင်ဆောင်ရွက်ပေးရန်၊ အချို့သည် လူအား ရသော်လည်း ငွေအား၊ ပစ္စည်းအား မရနိုင်သည့်အခါတွင် စိတ်ဓာတ်အားနှင့် ၀ိုင်းဝန်းဆောင်ရွက်ပေးရန်ဆိုသည့် မူဝါဒများကြောင့် တစ်နှစ်တာကာလအတွင်း ပါတီကြီးတစ်ခုဖြစ်လာခဲ့ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

သူရဦးရွှေမန်းက “ ပါတီကြီးတစ်ရပ်ဖြစ်တဲ့ နေရာမှာတစ်ခုပဲရှိနိုင်ပါတယ်။ ယုံကြည်မှုပါ။ တို့တွေဟာ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်ပါတယ်။ ကိုယ့်ပါတီကိုလည်း ယုံကြည်ပါတယ်။ ဘာလဲဆိုတဲ့အခါမှာ တို့ဟာ ပြည်သူတွေအပေါ် တကယ့်စေတနာ သန့်သန့်နဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ ပါတီဖြစ်တဲ့အတွက် ကိုယ်တို့စိတ်သန့်တယ်။ ယုံလည်းယုံကြည်တယ်။ အဲဒီအတိုင်းပဲ ပြည်သူတွေကလည်း ထင်ပါတယ်၊ ပါတီအပေါ် ယုံကြည်လို့ပါတီက ချမှတ်ပေးထားတဲ့ မူဝါဒတွေကို ဖတ်ကြားတဲ့အခါမှာလည်း ဒါကိုကြိုက်လို့ ဒီပါတီကို တစ်နှစ်အတွင်းမှာ ဒီလောက်အထိ ပါတီကြီးတစ်ရပ်အဖြစ် ရောက်ရှိလာတယ်လို့ ယူဆပါတယ်။ အဲနေရာမှာ ကိန်းဂဏန်းအနေနဲ့ တိတိကျကျ မပြောနိုင်ပေမယ့် ရွေးကောက်ပွဲမှာ ပါတီထူထောင်တာ အပါအဝင် ရွေးကောက်ပွဲမှာ ကုန်ကျမယ့် စရိတ်ကတော့ ဘီလျံနဲ့ချီ ကုန်မယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

 ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအပေါ် မူတည်၍ နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများအတွက် ကောင်းမွန်အောင် ဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၄၅ မြို့တွင် လွှတ်တော်အသီးသီးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့်အပြင် တိုင်းရင်းသားဝန်ကြီး နေရာအတွက်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

Most Read

Most Recent