ဧရာဝတီတိုင်း အစိုးရအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက် ရောက်ရှိနေသလားဟု NLD ပါတီ ၀ါးခယ်မမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်က ဝေဖန်ပြောကြားခဲ့ပြီး လွှတ်တော်အတွင်း သက်သေများနှင့်တကွ တင်ပြခွင့်ပြုရန် တောင်းဆိုမှုကို ဥက္ကဋ္ဌက တားမြစ်

ဧရာဝတီတိုင်း အစိုးရအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက် ရောက်ရှိနေသလားဟု NLD ပါတီ ၀ါးခယ်မမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်က ဝေဖန်ပြောကြားခဲ့ပြီး လွှတ်တော်အတွင်း သက်သေများနှင့်တကွ တင်ပြခွင့်ပြုရန် တောင်းဆိုမှုကို ဥက္ကဋ္ဌက တားမြစ်
Published 20 June 2020
မင်းသူဝင်းထွဋ်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက် ရောက်ရှိနေသလားဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၀ါးခယ်မမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ဝေဖန်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်အတွင်း သက်သေများနှင့်တကွ တင်ပြခွင့်ပြုရန် တောင်းဆိုမှုအား လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က တားမြစ်ခဲ့ကြောင်း သတင်းရရှိသည်။

ဇွန် ၁၉ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ၂၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ဒေါ်မြင့်မြင့်စန်းက ၀ါးခယ်မမြို့နယ်အတွင်း တရားမဝင် သဲစုပ်ယူနေခြင်းနှင့် ပတ်သက်၍ အုပ်ချုပ်ရေးမှူးများပါ ပူးပေါင်းပါဝင်၍ ဥပဒေကို ချိုးဖောက်လျက် ရှိသောကြောင့် အရေးယူ ဆောင်ရွက်ပေးရန် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းရာတွင် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ပါဝင်နေသည်ကို သက်သေများနှင့်တကွ တင်ပြခွင့်ပြုရန် တောင်းဆိုခဲ့ခြင်းကို လွှတ်တော်ဥက္ကဋ္ဌက တားမြစ်ခဲ့ရပြီးနောက် ယခုကဲ့သို့ ဝေဖန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက သက်သေများ တင်ပြရန်အတွက် လွှတ်တော်သို့ ခွင့်ပြုချက် တောင်းခံရာတွင် မိမိတင်ပြချက်များ မှားယွင်းနေပါက မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို ၎င်းအား အရေးယူ တရားစွဲဆိုနိုင်ကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

“အချက်အလက်ကို တင်ပြဖို့  ဥက္ကဋ္ဌက သက်သေကို တင်ပြခွင့်မပြုဘူး။ ဒါက မေးခွန်းနဲ့ မဆက်စပ်ဘူး ပြောတယ်။ ဒါက မေးခွန်းနဲ့ မဆက်စပ်တာ မဟုတ်ဘူး။ ဒီလိုမျိုး မသမာမှုတွေ၊ ဥပဒေချိုးဖောက်တဲ့ ကိစ္စတွေ လုပ်နေတာဟာ တစ်ယောက်တည်းကို အရေးယူလို့ မရဘူး။ သူ့နောက်မှာ ကြိုးကိုင်နေတဲ့သူတွေ ရှိတယ်။ ဥပဒေကို လက်တစ်လုံးခြား လုပ်နေတဲ့ သူတွေရှိတယ်။ ဒီလိုလူတွေကို အရေးယူဖို့လိုတယ်။ ဒီမှာ တကယ်တမ်း တာဝန်ရှိနေတာသည် အုပ်ချုပ်ရေးမှူးတွေ။ ဒီအုပ်ချုပ်ရေးမှူးတွေကို အရေးမယူတဲ့ အခါကျတော့ ဆက်ပြီးတော့ ဖြစ်နေဦးမှာပဲ။ အုပ်ချုပ်ရေးမှူးတွေကို အရေးယူဖို့ မေးခဲ့တဲ့ မေးခွန်းတိုင်းမှာ ဘယ်လိုမှ မဖြေကြားရဲဘူး။ အရေးယူမယ်ဆိုတဲ့ စကားလုံးကို မသုံးရဲဘူး။ အဲဒီတော့ အန်တီ့စိတ်ထဲမှာ ဒီတိုင်းအစိုးရဟာ ထွေအုပ်ရဲ့ လက်အောက်ကို ရောက်နေသလား အတွေးတွေဝင်မိတယ်။ ဒါ့ကြောင့် မတင်ပြလို့ မဖြစ်လို့ တင်ပြတာ ဖြစ်တယ်” ဟု ၀ါးခယ်မမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း က ပြောကြားသည်။

၀ါးခယ်မမြို့နယ်အတွင်း တရားမဝင် အရက်ရောင်းချမှုများ၊ တရားမဝင် သဲစုပ်ယူမှုများတွင် အုပ်ချုပ်ရေးမှူးအချို့ လုပ်ငန်းလုပ်ဆောင်မှု အလွဲများကို လွှတ်တော်အတွင်း မကြာခဏ မေးခွန်းမေးမြန်းခဲ့သော်လည်း အစိုးရအဖွဲ့က ဆောင်ရွက်မှုများ မရှိခဲ့ကြောင်း ဒေါ်မြင့်မြင့်စန်းက ဆက်လက် ပြောကြားသည်။

“ဒါတွေကို အန်တီက မကျေနပ်ဘူး။ ဒီလိုမျိုး အုပ်ချုပ်ရေးမှူးတွေ ရှိနေသရွေ့တော့ ဒီတိုင်းပြည် ဘယ်လိုမှ မတိုးတက်နိုင်ဘူး။ ပြည်သူနဲ့အတူဆိုတာ မဖြစ်နိုင်တော့ဘူး။ အုပ်ချုပ်ရေးမှူးတွေသည် အစိုးရကိုယ်စားပြု ပြည်သူကို အနီးကပ်ဆုံးတွေ့ထိပြီးတော့ ဝန်ဆောင်မှုပေးရတာ။ ပြည်သူ့အကျိုး မရှေးရှုဘူး။ နိုင်ငံဘဏ္ဍာ ထိခိုက်အောင် လုပ်တယ်။ ဒီလိုလူတွေ ဦးစားပေးနေတယ်။ ဒီလိုမျိုးလူတွေကို အရေးမယူရဲဘူးဆိုတာ ခုန အန်တီပြောသလိုပဲ ထွေအုပ်အုပ်ချုပ်မှု အောက်ကို ရောက်နေသလား။ ကြောက်နေသလားဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်”ဟု ဒေါ်မြင့်မြင့်စန်းက ပြောကြားသည်။

၀ါးခယ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းသည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ၀ါးခယ်မမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါဝင်ယှဉ်ပြိုင် ရွေးကောက်ခံခဲ့သူ ဖြစ်ကြောင်း၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်မူ တိုင်းဒေသကြီး မဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အား အယုံအကြည်မရှိဟု ဆိုကာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ခွင့် တင်ပြခဲ့သူ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent