နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နေရာအတွက် UNDP ပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နေရာအတွက် UNDP ပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်
ကရင်အာဇာနည်နေ့ ကျင်းပမှုနှင့်ပတ်သက်ပြီး တရားစွဲခံခဲ့ရသည့် နော်အုန်းလှအား  ၂၀၁၉ ခုနှစ် အောက်တိုဘာလ အတွင်းက ကျောက်တံတားမြို့နယ် တရားရုံး၌ တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးဝင်း)
ကရင်အာဇာနည်နေ့ ကျင်းပမှုနှင့်ပတ်သက်ပြီး တရားစွဲခံခဲ့ရသည့် နော်အုန်းလှအား ၂၀၁၉ ခုနှစ် အောက်တိုဘာလ အတွင်းက ကျောက်တံတားမြို့နယ် တရားရုံး၌ တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးဝင်း)
Published 17 June 2020
ဉာဏ်လင်းထွန်း

နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာလူမျိုး မဲဆန္ဒနယ်၌ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ကရင်တိုင်းရင်းသားရေးရာလူမျိုး မဲဆန္ဒနယ်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ရာထူးဖြစ်သည်။

ဒေါ်နော်အုန်းလှသည် UNDP ပါတီ၏ အထွေထွေ အတွင်းရေးမှူးဖြစ်ပြီး ယင်းသို့ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် ပါတီဗဟိုမှ တာဝန်ပေးအပ်ခြင်း ဖြစ်သည်ဟု UNDP ပါတီက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်သည်။

ကရင်တိုင်းရင်းသား အရေးနှင့် ပက်သက်၍ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ခြင်းနှင့် ကရင်တိုင်းရင်းသားများ၏ ယုံကြည်ထောက်ခံမှု ရရှိခြင်းတို့ကြောင့် ဒေါ်နော်အုန်းလှကို ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်စေခြင်း ဖြစ်ကြောင်း UNDP ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

“ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ပြိုင်ခိုင်းတာက သူကကရင့်အရေးကို တကယ်ပဲ စွမ်းစွမ်းတမံ ဆောင်ရွက်သူဖြစ်တယ်။ သူ့အနေနဲ့ ကရင်တိုင်းရင်းသားတွေ အပေါ်မှာ သစ္စာရှိတယ်။ ရိုးသားတယ်။ ဘယ်တော့မှ သူရဲ့တိုင်းရင်းသား လူမျိုးတွေအပေါ်မှာ သစ္စာဖောက်မဲ့လူမျိုး မဟုတ်ဘူး။ သူ့ကို အဲ့လို ယုံကြည်စိတ်ချတဲ့ အပိုင်းတွေရှိတယ်” ဟု ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) သည် ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ကို အခြေခံကာ ညီညွတ်သော အမျိုးသားဒီမိုကရေစီ အင်အားစု (UNDO)၊ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၊ လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းဖော်ထုတ်ရေး ကော်မတီ စသည့်နိုင်ငံရေး အင်အားစုများ ပူးပေါင်းတည်ထောင်သည့် နိုင်ငံရေးပါတီဖြစ်သည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ဒေါ်နော်ပန်းသဥ္စာမျိုး ဖြစ်သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကရင်တိုင်းရင်းသားရေးရာ လူမျိုးမဲဆန္ဒနယ်အတွက် ကရင်ပြည်သူ့ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ကရင်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆန္ဒမဲ ၇၂၀၀၀ ကျော်ဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent