ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ တစ်ခုတည်းသာတွေ့ရှိရပြီး ပုဂံရှေးဟောင်းနယ်မြေတွင်ရှိသည့် မြန်မာဒေသရင်း ငှက်မျိုးစိတ် ခုနစ်မျိုးအား ဖမ်းဆီးသတ်ဖြတ် ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသောကြောင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေရ

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ တစ်ခုတည်းသာတွေ့ရှိရပြီး ပုဂံရှေးဟောင်းနယ်မြေတွင်ရှိသည့် မြန်မာဒေသရင်း ငှက်မျိုးစိတ် ခုနစ်မျိုးအား ဖမ်းဆီးသတ်ဖြတ် ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသောကြောင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေရ
Published 16 June 2020
မင်းလတ်

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ တစ်ခုတည်းသာတွေ့ရှိရပြီး ပုဂံရှေးဟောင်းနယ်မြေတွင်ရှိသည့် မြန်မာဒေသရင်း ငှက်မျိုးစိတ် ခုနစ်မျိုးအား ဖမ်းဆီးသတ်ဖြတ် ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသောကြောင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေရကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က ဆိုသည်။

အဆိုပါ ရှားပါးငှက်မျိုးစိတ်များဖြစ်သည့် မြန်မာဘီလုံးငှက်၊ စွေ့ငှက်၊ ချိုးလင်းပြာငှက်၊ ငှက်မင်းသားဝမ်းဖြူ၊ ဘွဲချွဲငှက်၊ နဖားကြူးမြီးဝိုင်းငှက်နှင့် ငှက်လက်မမြီးရှည် ထိုငှက်မျိုးစိတ် ခုနစ်မျိုးသည် ကမ္ဘာ့နိုင်ငံအသီးသီးများမှ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းတွင် သာရှိကြောင်း၊ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာမှ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းမှာသာ တစ်စုတစ်စည်းတည်း တွေ့မြင်ရသော ရှားပါးငှက်မျိုးစိတ်များ ဖြစ်ကြောင်း၊ ယခုအခါ ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေကြသောကြောင့် မပြုလုပ်ကြရန် သက်ဆိုင်ရာဌာနများ၊ ဒေသအဖွဲ့အစည်းများမှ ပူးပေါင်း၍ သတိပေးဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်နေကြရကြောင်း သိရသည်ဟု မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က ပြောကြားသည်။

“ပုဂံလိုနေရာမျိုး၊ မန္တလေးလို နေရာမျိုးမှာ COVID-19 ရောဂါ ဖြစ်ပွားနေတဲ့ ကာလမှာ ခရီးသွားဧည့်သည်တွေ နည်းလာတယ်။ ခရီးသွားဧည့်သည်တွေ နည်းလာတဲ့အချိန်မှာ သားငှက်တိရစ္ဆာန်တွေ လာရောက် ကျက်စားလာကြတယ်။ အဲမှာ အပျော်သဘောသော် လည်းကောင်း၊ ရောင်းဝယ် ဖောက်ကားမှုသော် လည်းကောင်း လိုက်လံဖမ်းဆီး သတ်ဖြတ်တဲ့အဖွဲ့တွေ တွေ့ရတယ်။ တွေ့ရတော့ ကျွန်တော်တို့ ဧပြီလကုန် မေလအတွင်းမှာ ပုဂံမှာဆိုလို့ရင် ငှက်တွေကို လိုက်လံသတ်ဖြတ်တဲ့ အဖွဲ့တွေကို ပူးပေါင်းအဖွဲ့နဲ့ လှည့်ကင်းလှည်ပြီး ပညာပေးစည်းရုံးတယ်။ အသိပညာပေး ဆိုင်းဘုတ်တွေထောင်ပြီး အသိပေးမှုတွေ လုပ်နေရပါတယ်။ ပြီးတော့ ရန်ကင်းတောင်မှာဆို မျောက်တွေ အများကြီး ကျက်စားတယ်။ အစာကျွေးမယ့် ဧည့်သည်တွေက မလာတော့ သူတို့လည်း တဖြည်းဖြည်းနဲ့ လူနဲ့ နီးစပ်တဲ့နေရာတွေ ရောက်လာတယ်။ အဲဒီမှာ မျောက်တွေကို ပိုက်ကွန်တွေနဲ့အုပ်ပြီးတော့ ဖမ်းတဲ့အဖွဲ့တွေလည်း ရောက်လာကြတယ်။ ဒါတွေကို ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီးတော့ စောင့်ကြည့်ဖမ်းဆီး အရေးယူခြင်း၊ ပညာပေးခြင်းတွေ လုပ်ခဲ့ရပါတယ်။ ခုနောက်ပိုင်းတော့ ဒါတွေ ဆက်လက်ပြီး ကျူးလွန်တာတော့ မတွေ့ရတော့ပါဘူး” ဟု မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က ပြောကြားသည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတွင်သာ တွေ့နိုင်သည့် ဒေသရင်း ငှက်ကိုးမျိုးအနက် ခုနစ်မျိုးသည် ပုဂံညောင်ဦးဒေသတွင် တွေ့ရပြီး ကျန်မျိုးစိတ် နှစ်မျိုးသည် နတ်မတောင်ဒေတွင် တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင်ရှိသည့် ဌာနေဖွား ငှက်မျိုးစိတ် ကိုးမျိုးအနက် ခုနစ်မျိုးသည် ပုဂံဒေသတွင် ပေါက်ဖွား ကျက်စားနေထိုင်ကြပြီး ပြည်တွင်းပြည်ပမှ ငှက်ဝါသနာရှင်များ အမြတ်တနိုး တန်ဖိုးထား လာရောက်လေ့လာနေပြီး ငှက်များ ကျက်စားနေထိုင်ရာ အပင်များကို ၀ိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်ကြောင်း သိရသည်။

“ပုဂံဒေသမှာ ကမ္ဘာမှာ မတွေ့ရတဲ့ ငှက်မျိုးစိတ် ခုနစ်မျိုးရှိတယ်။ ပုဂံခရီးသွားလုပ်ငန်းမှာ ငှက်တွေကို လာလေ့လာတဲ့ နိုင်ငံခြားသားတွေ သီးသန့်ရှိတယ်။ ဒါကြောင့်မို့လို့ မြန်မာရဲ့ ငှက်မျိုးစိတ်တွေ ထိန်းသိမ်းရေးအတွက် ကျွန်တော်တို့အဖွဲ့ ကင်းလှည့်တဲ့အထဲမှာ ဒီဟာတွေပါထည့်ပြီး ဆောင်ရွက်နေပါတယ်။ ဒီမှာတွေ့ရှိရတဲ့ ငှက်ပစ်တဲ့အဖွဲ့တွေကို ပညာပေးတယ်၊ စည်းရုံးတယ် မလုပ်ကြဖို့ အခုတော်တော်လေး ပါးသွားပါပြီ။ သို့သော် အခုထိ လျှို့ဝှက်တော့ ရှိနေတုန်းပဲ”ဟု  ပုဂံ-ညောင်းဦး ဧည့်လမ်းညွန်များအသင်းမှ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းမှာပင် တွေ့မြင်ရသော ရှားပါး ငှက်မျိုးစိတ်များဖြစ်သည့် မြန်မာဘီလုံးငှက်၊ စွေ့ငှက်၊ ချိုးလင်းပြာငှက်၊ ငှက်မင်းသားဝမ်းဖြူ၊ ဘွဲချွဲငှက်၊ နဖားကြူးမြီးဝိုင်းငှက်နှင့် ငှက်လက်မ မြီးရှည် ထိုငှက်မျိုးစိတ် ခုနစ်မျိုးကို ယခုအခါတွင် ငှက်မုဆိုးများက ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေကြသောကြောင့် မပြုလုပ်ကြရန် ပုဂံ-ညောင်ဦး ဧည့်လမ်းညွန်များအသင်းမှလည်း လှည့်ကင်း၊ ပတ်ကင်းများပြုလုပ်ပြီး လိုက်လံအသိပေး ဆောင်ရွက်နေရကြောင်း သိရသည်။                                          

 

Most Read

Most Recent