ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသအတွင်းရှိ ဟိုတယ် ရှစ်လုံး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့် ရရှိ

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသအတွင်းရှိ ဟိုတယ် ရှစ်လုံး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့် ရရှိ
ယူနက်စကို စာရင်းဝင် ပုဂံမြို့ရှိ စေတီအချို့ကို တွေ့ရစဉ်
ယူနက်စကို စာရင်းဝင် ပုဂံမြို့ရှိ စေတီအချို့ကို တွေ့ရစဉ်
Published 16 June 2020
မင်းလတ်

COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသအတွင်းရှိ ဟိုတယ်၊ တည်းခိုရိပ်သာများ ယာယီပိတ်ထားရာမှ ယခုအခါတွင် ဟိုတယ်ရှစ်လုံးအား သက်ဆိုင်ရာ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သောအဖွဲဲ့စုံဖြင့် မေလ တတိယအပတ်မှ စတင်၍ လိုက်လံစစ်ဆေးခဲ့ပြီး ပထမအသုတ်အနေဖြင့် လက်ရှိအချိန်ထိ ဟိုတယ် ရှစ်လုံးကို ပြန်လည် ဖွင့်လှစ်ခွင်ပြုခဲ့ပြီ ဖြစ်ကြောင်း ပုဂံ-ညောင်ဦး ဟိုတယ်လုပ်ငန်းရှင်များအသင်းထံက သိရသည်။

“နိုင်ငံတော်အစိုးရရဲ့ ကျန်းမာရေး ညွှန်ကြားချက် ၅၇ ချက်ကို စံချိန်စံညွှန်မီအောင် လုပ်ထားရပါတယ်။ အဲလိုလုပ်ပြီး ပြန်လည်ဖွင့်ခွင့် ရရှိဖို့အတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေက လာရောက် စစ်ဆေးပါတယ်။ အဲစစ်ဆေးချက်တွေကို တိုင်းအစိုးရဆီ စာတင်တယ်။ စာတင်ပြီး တိုင်းအစိုးရ ပြန်ချပေးမှ ပြန်လည် ဖွင့်ခွင့်ပြုတာပါ။ ပထမအသုတ်အနေဖြင့် ဟိုတယ်အလုံးရေ ရှစ်လုံး ပြန်လည်ဖွင့်ခွင့်ရရှိပြီ ဖြစ်ပါတယ် ဒုတိယအသုတ်က ငါးလုံးကြားတယ်။ ကျန်တာတွေက စစ်ဆေးဆဲကြားပါတယ်။ ဒီကာလ ဖြစ်တဲ့အတွက် ကျန်းမာရေး စောင့်ရှောက်တဲ့အနေနဲ့ ဝန်ထမ်းတွေကို ဘယ်လိုလုပ်လည်းဆိုရင် လူစုလူဝေး မဖြစ်အောင် အခန်းတွေလည်း အပြည့်လက်မခံပဲနဲ့ အခန်း သုံးဆယ်ပဲ လက်ခံပြီ။ ကျွန်တော် ဟိုတယ်ဆို အခန်း ၉၀ ရှိပေမဲ့ အခန်း ၃၀ ရောင်းပေးထားတယ် အခန်း ၃၀ နဲ့ ညီမျှတဲ့ ဝန်ထမ်းပဲ ခန့်တယ်။ အဲဒီဝန်ထမ်းတွေကို အချိုးကျ အလှည့်ကျ အလုပ်လုပ်ဖို့ စီစဉ်ထားတယ်။ တစ်လနား တစ်လဆင်းပေါ့။ ပြန်လည်ဖွင့်ခွင့် ရရှိသော ဟိုတယ်များ အနေဖြင့်လည်း လူစုလူဝေး မဖြစ်ပေါ်စေရန် ဟိုတယ်ရှိ အခန်းအားလုံးကို ရောင်းချခြင်းမပြုပဲ အချိုးကျ ရောင်းချလျက်ရှိပြီး ရောင်းချသည့် အခန်းအရေအတွက်အလိုက် ဝန်ထမ်းများကို ခန့်အပ် လုပ်ကိုင်စေလျက် ရှိကြောင်း  COVID-19 အလွန် အခန်းပြည့် ရောင်းချရပြီဆို ဝန်ထမ်းတွေကို အကုန်လုံး ပြန်ဆင်းခိုင်းမှာပါ” ဟု The Regency Hotel မှ အထွေထွေမန်နေဂျာ ကိုဇော်ဝင်းမိုးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ပုဂံညာင်ဦးမြို့နယ်ရှိ ဟိုတယ် တည်းခိုရိပ်သာတို့အား COVID-19 ကာကွယ်ထိန်းချူပ်ရေးနင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စံသတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို မေ ၂၅ ရက်တွင် ဟိုတယ်နှင့် တည်းခိုရိပ်သာများ ဖွင့်လှစ်နိုင်ရေး စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ သတ်မှတ်ချက်များ ကိုက်ညီသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဇွန် ၉ ရက်တွင် ပြန်လည် ခွင့်ပြုပေးခဲ့သည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဒေသအတွင်း ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ Inn စုစုပေါင်း ၁၇၉ လုံးရှိကြောင်း၊ ပုဂံ-ညောင်ဦး ဟိုတယ်လုပ်ငန်းရှင်များအသင်းအနေဖြင့် COVID-19 ကာလအတွင်း ဒေသအတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး လှူဒါန်းပေးမှုများလည်း ရှိကြောင်း သိရသည်။                                   

Most Read

Most Recent