မြဝတီ ရွှေကုက္ကိုလ် အပါဝင် အုပ်ချုပ်ရေး လက်လှမ်းမီသည့် မည်သည့်နေရာတွင်မျှ ကာစီနိုဝိုင်းများအား ခွင့်ပြုထားခြင်းမရှိဘဲ ရွှေကုက္ကိုလ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းထား ဟုဆို

မြဝတီ ရွှေကုက္ကိုလ် အပါဝင် အုပ်ချုပ်ရေး လက်လှမ်းမီသည့် မည်သည့်နေရာတွင်မျှ ကာစီနိုဝိုင်းများအား ခွင့်ပြုထားခြင်းမရှိဘဲ ရွှေကုက္ကိုလ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းထား ဟုဆို
Published 16 June 2020
နေရိုင်း၊   ဇေယျာထွန်း

မြဝတီ ရွှေကုက္ကိုလ် အပါအဝင် အုပ်ချုပ်ရေး လက်လှမ်းမှီသည့် မည့်သည့်နေရာတွင်မျှ ကာစီနိုဝိုင်းများအား ခွင့်ပြုထားခြင်းမရှိဘဲ ရွှေကုက္ကိုလ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းထားကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် က ပြောကြားသည်။

ဇွန် ၁၅ ရက်က ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဒုတိယဝန်ကြီး ဦးတင်မြင့်က အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ အင်တာနေရှင်နယ်နဲ့ ကစားတဲ့ လောင်းကစားတစ်မျိုးဖြစ်တဲ့ ကာစီနိုကိုတော့ လောလောဆယ် ကျွန်တော်တို့ အုပ်ချုပ်ရေးနယ်မြေ၊ အလှမ်းမီတဲ့နေရာမှာ ခွင့်ပြုထားခြင်းမရှိပါဘူး။ ရွှေကုက္ကိုလ်နဲ့ ပတ်သက်ရင်လည်း ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးခုံရုံးတွေ ဖွဲ့ထားပါတယ်” ဟု ဒုဝန်ကြီးက ပြောကြားသည်။

ရွှေကုက္ကိုလ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးခုံရုံးဥက္ကဌအဖြစ် ဒုဝန်ကြီးဦးတင်မြင့်က တာဝန်ယူထားပြီး COVID-19 ရောဂါ ဖြစ်ပွားနေသဖြင့် သွားရောက်နိုင်ခြင်း မရှိသေးသော်လည်း သက်ဆိုင်ရာ ကရင်ပြည်နယ်အစိုးရ၊ မြေစာရင်းနှင့် အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် မြေပြင်အနေအထားအား စုံစမ်း စစ်ဆေးသွားမည် ဖြစ်ကြောင်း ဒုဝန်ကြီးကဆိုသည်။

၎င်းက“ နိုင်ငံတော်အနေနဲ့ကတော့ မည်သည့် လောင်းကစားကိုမျှ တရားမဝင် ခွင့်ပြုထားခြင်း မရှိဘူး။ ရွှေကုက္ကိုလ်လောင်းက စားဆိုတာကလည်း နိုင်ငံတော်အစိုးရဆီ လည်းကောင်း၊ ဝန်ကြီးဌာနသော် လည်းကောင်း သူတို့ဆီက ဘာအခွန်အကောက်မှ ဘာငွေကြေးမှ။ မေးလိုက်တာကြားလို့ပါ။ ငွေကြေးပေးပြီးတော့မှ ခွင့်ပြုထားသလား။ မည်သည့်ငွေကြေးမှ ကောက်ခံထားခြင်းလည်း မရှိသလို ကျွန်တော်တို့ကိုလည်း မပေးဘူး။ ကျွန်တော်တို့လည်း သူတို့ဆီက မယူဘူး။ သူတို့ကိုလည်း ခွင့်ပြုထားခြင်း မရှိပါဘူး” ဟုဆက်လက် ပြောကြားသည်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှ ကရင်ပြည်နယ်အစိုးရအား ဥပဒေနှင့်အညီ ဆောင်ရွက်ရန်နှင့် ဥပဒေနှင့်မညီသည့် လုပ်ဆောင်ခြင်းများ မလုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း  ဒုဝန်ကြီးက ဆက်လက်ပြောကြားသည်။

လောင်းကစား ဥပဒေအသစ်ဖြင့် အရေးယူဆောင်ရွက်ထားခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဒုဝန်ကြီးက “ အရေးယူတဲ့အပိုင်းကတော့ ကျွန်တော်တို့ အတိအကျမသိဘူးပေါ့။ လောင်းကစားဥပဒေမှာ အရေးယူနိုင်တာသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပဲ။ ရဲတပ်ဖွဲ့ကတော့ တစ်နိုင်ငံလုံးမှာ လောင်းကစားနဲ့ ပတ်သက်လာရင် တရားမဝင် လောင်းကစားလုပ်ရင် ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်း၊ အရေးယူခြင်း၊ တရားစွဲခြင်း လုပ်ပါတယ်။ ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းကတော့ လောင်းကစားကို ဖမ်းဆီးအရေးယူတဲ့အပိုင်း မပါပါဘူး” ဟု ပြန်လည် ဖြေကြားသည်။

လောင်းကစား ဥပဒေထဲတွင် ကာစီနို လောင်းကစားအား ထည့်သွင်းရန် ဆောင်ရွက်ခဲ့သော်လည်း လွှတ်တော်ထဲ၌ ကန့်ကွက်မှုများရှိခဲ့ပြီး ကာစီနိုနှင့်ပတ်သက်၍ လက်ရှိတွင် ဥပဒေရေးဆွဲဆဲ ဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။

Most Read

Most Recent