ကချင်ပြည်နယ် နယ်စပ်ဂိတ် တာဝန်ကျဆရာမ COVID-19 လူနာအမှတ် ၂၄၉ နှင့် ဆက်စပ်သူ ၆၀၀ ကျော်ရှိပြီး လူပေါင်း ၁၃၇ ဦး၏ နှာခေါင်းတို့ဖတ်ယူ စစ်ဆေးမည်

ကချင်ပြည်နယ် နယ်စပ်ဂိတ် တာဝန်ကျဆရာမ COVID-19 လူနာအမှတ် ၂၄၉ နှင့် ဆက်စပ်သူ ၆၀၀ ကျော်ရှိပြီး လူပေါင်း ၁၃၇ ဦး၏ နှာခေါင်းတို့ဖတ်ယူ စစ်ဆေးမည်
Published 16 June 2020

ကချင်ပြည်နယ် နယ်စပ်ဂိတ် တာဝန်ကျဆရာမ COVID-19 လူနာအမှတ် ၂၄၉ နှင့် ဆက်စပ်သူ ၆၀၀ ကျော်ရှိပြီး လူပေါင်း ၁၃၇ ဦး နှာခေါင်းတို့ဖတ်ယူ စစ်ဆေးမည်ဖြစ်ကြောင်း မိုးမောက်မြို့နယ် ကျန်းမာရေးဌာန က ဆိုသည်။

လက်ရှိတွင် လူနာအမှတ် ၂၄၉ တာဝန် ထမ်းဆောင်ခဲ့သည့်  လူဦးရေ ၃၃၄ ဦးရှိ  ၀ိန်းခမ်းကျေးရွာ တစ်ခုလုံးကို Lockdown ပုံစံပြုလုပ်ထားပြီး ကျန်းမာရေးဝန်ထမ်း ၅၆ ဦး၊ ဗန်းမော် ၁၃ ဦး၊ ရွှေကူ ၁၂ ဦး၊ မြစ်ကြီးနား ၅၆ ဦး၊ ဖားကန့် ငါးဦး၊ ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှ ၄၉ ဦး စုစုပေါင်း ၆၂၅ ဦးကို အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။

ဇွန် ၁၂ ရက်တွင် နှာခေါင်းတို့ဖတ်နမူနာ ၇၁ ဦး၊ ဇွန် ၁၄ ရက်တွင် ၂၅ ဦး ပို့ဆောင်ခဲ့ပြီး ၄၁ ဦး၏ နှာခေါင်း တို့ဖတ်နမူနာ ပို့ဆောင်ရန် ဆောင်ရွက်နေကြောင်း မိုးမောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာ တင်မေသင်းက ဆိုသည်။

၎င်းက “လူနာအမှတ် ၂၄၉ ကတော့ ကျန်းမာရေး ကောင်းတယ်။ ဘာလက္ခဏာမှ မပြဘူး။ သူ့တာဝန်ကျ ရွာကိုတော့ Lockdown ချထားတယ်။ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးတွေကို ကာကွယ်ဆေးထိုးခဲ့တာ ပါခဲ့လို့ပါ။ လူနာကိုတော့ အားလုံးကဝိုင်းပြီး အားပေးနေကြပါတယ်။ ကောလာဟလ သတင်းအမှားတွေကတော့ လူမှုကွန်ရက်တွေ ပြန့်နေတာ စိတ်မကောင်းပါဘူး။ ဘယ်ကကူးတယ်ဆိုတာ မသိရသေးဘူး။ ဖြစ်နိုင်ခြေက နယ်စပ်ပြန်တွေက ဖြစ်နိုင်တယ်။ သူ့ရွာက နယ်စပ်ဆိုပေမယ့် ရွာသားတွေ တရုတ်နိုင်ငံဘက် အလုပ်သွားလုပ်တဲ့ အခြေအနေ မရှိတော့ဘူး။ နယ်စပ်က အဝင်အထွက် စိစစ်လိုက်တာကြာပြီ။ ဘယ်က ကူးတယ်ဆိုတာတော့ သေချာအောင် မပြောနိုင်သေးဘူး”ဟု ဆိုသည်။

လက်ရှိတွင် လူနာအမှတ် ၂၄၉ ၏ ဆက်စပ်ထိတွေ့သူများ၏ နှာခေါင်းတို့ဖတ် နမူနာများမှာ ဇွန် ၁၅ ရက် ညပိုင်းတွင် ထုတ်ပြန်နိုင်ဖွယ် ရှိနေကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ COVID-19 အရေးပေါ်တုံ့ပြန်ရေး နှင့် ထိန်းချုပ်ရေးကော်မတီမှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ဆိုပါသည်။

၎င်းက “နမူနာပို့ထားတဲ့ အဖြေကတော့ မသိရသေဘူး။ ဒီည သိရမယ်လို့ အကြမ်းဖျင်း သိထားတယ်။ ဆရာမ တာဝန်ကျရွာကို Lockdown လုပ်ထားတယ်။ ထောက်ပ့ံမှုတွေလည်း နှစ်ကြိမ်လုပ်ပြီး ရွာဝင်ရွာထွက် ပိတ်ထားတယ်။ ဓာတ်ခွဲအဖြေပေါ် မူတည်ပြီး အခြေအနေကို ဆုံးဖြတ်မှာပေါ့။ ဇွန်လ ၁၃ ရက်ကတည်းက အဲဒီရွာကို အဝင်အထွက် ပိတ်လိုက်တာပါ”ဟု ဆိုသည်။

ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ဇွန် ၁၅ ရက် စာရင်းအရ နှာခေါင်းတို့ဖတ်နမူနာ ၁၁၀၁ ကို ရန်ကုန်မြို့သို့ ပို့ဆောင်ကာ ဓာတ်ခွဲနမူနာ စောင့်ဆိုင်းနေကြောင်း သိရသည်။

လူနာအမှတ် ၂၄၉ မှာ လွယ်ဂျယ် နယ်စပ်ဂိတ်တွင် မေလအတွင်း လေး၊ ငါးရက် တစ်ကြိမ် တာဝန်ကျခဲ့ပြီး ဇွန်လပိုင်းတွင် ဇွန် ၃ ရက်နှင့် ၈ ရက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ဇွန် ၇ ရက်အတွက် ကျန်းမာရေး ဝန်ထမ်းကို သလိပ်နမူ စစ်ဆေးရာတွင် ဇွန် ၁၁ ရက် မနက်ပိုင်း ထုတ်ပြန်ချက်များအရ ရောဂါပိုး တွေ့ရှိသည်ကို သိရခြင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနက လူနာအမှတ် ၂၄၉ မှာ လက္ခဏာမပြ ကူးစက်သူဖြစ်နေပြီး တာဝန်ကျ ဝန်ထမ်းကို စစ်ဆေးရာမှ တွေ့ရှိရသဖြင့် လက္ခဏမပြ ကူးစက်သူများရှိနိုင်ကြောင်း၊ လက်ကို မကြာခဏဆေးခြင်း၊ လူစုလူဝေးရှောင်၍ ခပ်ခွာခွာ နေထိုင်ခြင်း၊ နှာခေါင်းစည်းတို့ကို စနစ်တကျ သုံးခြင်း၊ အနီးပတ်ဝန်းကျင်တွင် ဖျား/နာ သံသယလူနာများ၊ နိုင်ငံရပ်ခြားမှ ပြန်လည် ဝင်ရောက်ရာတွင် အသွားအလာ ကန့်သတ်ခြင်းကို ခံယူခြင်းမရှိဘဲ ဝင်ရောက်လာသူများရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

ကချင်ပြည်နယ် နယ်ချင်းစပ်နေသည့် တရုတ်နိုင်တွင်  မြန်မာနိုင်ငံသား အလုပ်လုပ်နေသူ နှစ်သောင်းဝန်းကျင် ရှိနေခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ဧပြီ ၁၆ ရက်က ပြောကြားထားသည်။ ကချင်ပြည်နယ် အစိုးရအဖွဲ့ COVID-19 ကာကွယ်ရေးအတွက် Facility Quarantine ထားရှိရန် မတ်လနောက်ဆုံး အပတ်တွင် အဝင်အထွက် ဂိတ်များကို လူဝင်မှုကန့်သတ်ကာ ပြင်ဆင်ခဲ့ပြီး ဧပြီ ၁၆ ရက်မှ စတင်ဝင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ဇွန် ၁၅ ရက် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန စာရင်းအရ Quarantine ထားသည့်နေရာ ၃၀၉ ခုတွင် လူဦးရေ ၃၆၀၇ ဦးရှိနေကြောင်း၊ လတ်တလောတွင် ထိုင်းနိုင်ငံမှ ဝင်ရောက်လာသူ ၅၀၀ ကျော်ရှိ ကြောင်း သိရသည်။

Most Read

Most Recent