ပဲခူးမြို့နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီက မြို့မိမြို့ဖများကို ရွေးချယ်ပြီးဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး လုပ်ငန်းများဆောင်ရွက်နေ

ပဲခူးမြို့နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီက မြို့မိမြို့ဖများကို ရွေးချယ်ပြီးဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး လုပ်ငန်းများဆောင်ရွက်နေ
Published 8 June 2020
မောင်အေး

ပဲခူးမြို့နယ်အတွင်း NLD ပါတီက မြို့မိမြို့ဖများ ရွေးချယ်ပြီး၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်သတ်မှတ်မည့်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပဲခူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးတွင် ဇွန် ၈ ရက်နောက်ဆုံးထား၍ NLD ပါတီ၏ မြို့မိမြို့ဖများကို အပြီးသတ် ရွေးချယ်ရမည်ဖြစ်သည်။

အလားတူ ပဲခူးမြို့နယ်တွင်လည်း ပဲခူးမြို့ပေါ်ဇုန်၊ ပဲခူးမြစ်အထက်ပိုင်း ချောင်းဖျားဇုန် ပဲခူးမြစ်အောက်ပိုင်း ချောင်းအောက်ဇုန်၊ အင်းတကော်ဇုန်၊ ဘုရားကြီးဇုန် စသည့်ဇုန်ကြီး ငါးဇုန်သတ်မှတ်ပြီး ဇုန်ငါးဇုန်မှ မြို့မိမြို့ဖငါးဦးအား ဇွန် ၄ ရက်က ရွေးချယ်ခဲ့ပြီးပြီဖြစ်ကြောင်း သိရသည်။

မြို့မိမြိုဖများရွေးချယ်ရာတွင် NLD ပါတီကို အစဉ်တစိုက် အားပေးထောက်ခံဝန်းရံသူ လက်ရှိဒေသတွင် နှစ်ရှည်နေထိုင်သူ စသည့်ချက်များနှင့် သတ်မှတ်ရွေးချယ်ပြီး ပဲခူးမြို့အတွင်းရှိ NLD ပါတီ၏ မြို့နယ်အလုပ်အမှုဆောင် ၂၆ ဦးမှ မြို့မိမြို့ဖငါးဦးကို ဦးစွာရွေးချယ်ပြီး မြို့နယ်အလုပ်အမှုဆောင် ၂၆ ဦးနှင့် မြို့မိမြို့ဖငါးဦးမှ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

“ မြို့မိမြို့ဖရွေးတာ နှစ်မျိုးပေါ့။ NLD ပါတီအတွင်း ရွေးချယ်တာရယ်၊ သက်ဆိုင်ရာ မြို့နယ်ရပ်ကွက်အတွင်းမှာ အုပ်ချုပ်ရေးကဏ္ဍအတွက် ရွေးချယ်တာရယ်ပေါ့။ ပဲခူးမြို့နယ်အတွင်းမှာ NLD ပါတီအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေကို သတ်မှတ်ရွေးချယ်ဖို့၊ မြို့မိမြို့ဖကို ဇွန် ၄ ရက်နေ့က ရွေးချယ်ပြီးသွားပြီ။ ပဲခူးမြို့ပေါ်ကတော့ NLD ပါတီရဲ့ နာယကကြီး ဦးမြတ်လှ၊ ချောင်းဖျားဇုန်ကတော့ ဦးရဲညွန့်၊ ချောင်းအောက်ဇုန်ကတော့ ဦးဇော်ဦး၊ အင်းတကော်ဇုန်က ဦးစိန်ဝင်း၊ ဘုရားကြီးဇုန်ကတော့ ဦးမြတ်သောင်းတို့ကို ရွေးချယ်ထားပါတယ်” ဟု ပဲခူးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောကြားသည်။

NLD ပါတီကိုယ်စားလှယ်လောင်းများအနေဖြင့် ပါတီဝင်ဖြစ်ခြင်း၊ ဒီမိုကရေစီအရေးကို ကြိုးစားဆောင်ရွက်သူဖြစ်ခြင်းတို့အပြင် လူငယ်ဖြစ်ခြင်း၊ တိုင်းရင်သားဖြစ်ခြင်းနှင့် အမျိုးသမီးများကို ဦးစားပေးရွေးချယ်မည်ဖြစ်ပြီး ကိုယ်စားလှယ်လျှောက်လွှာများကို ပါတီရုံးတွင် ဇွန် ၈ ရက်မှစတင်ကာ လာရောက်ထုတ်ယူနိုင်ပြီး ဇွန် ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် နောက်ဆုံးထား လျှောက်လွှာတင်ရမည်ဖြစ်ကာ ဇွန် ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်များအတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မည့် လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ပြီး မဲစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီမိုကရေစီအရေးကို ကြိုးစားဆောင်ရွက်သူ NLD ပါတီကိစ္စကို အစဉ်တစ်စိုက် ဆောင်ရွက်တဲ့သူဖြစ်ရမယ်။ အဲထဲမှာမှ တူလာရင် နံပါတ် (၁) လူငယ်ကို ဦးစားပေးမယ်။ နံပါတ် (၂) တိုင်းရင်းသားကို ဦးစားပေးမယ်။ နံပါတ် (၃) အမျိုးသမီးကို ဦးစားပေးမယ်။ ဒီမူတွေနဲ့ ရွေးချယ်သွားမယ်။ မြို့မိမြို့ဖငါးဦးနဲ့ အလုပ်အမှုဆောင် ၂၆ ဦးတို့ပေါင်းပြီး မဲစနစ်နဲ့ ရွေးသွားမယ်” ဟု ပဲခူးမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအေးချိုက ပြောကြားသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာမြို့နယ်နှင့် ရပ်ကွက်များတွင်လည်း အုပ်ချုပ်ရေးကဏ္ဍအတွက် ရပ်မိရပ်ဖများ ရွေးချယ်ခြင်းကို လုပ်ဆောင်သွားမည်ဖြစ်ကာ COVID ကာလနှင့် တိုက်ဆိုင်နေသောကြောင့် ယာယီရပ်နားထားရကြောင်း သိရသည်။