ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အား အယုံအကြည်မရှိကြောင်းအဆို တင်သွင်းရန် တပ်မတော်သား၊ ပြည်ခိုင်ဖြိုးပါတီနှင့် PPP ပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ်များ ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြထား

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အား အယုံအကြည်မရှိကြောင်းအဆို တင်သွင်းရန် တပ်မတော်သား၊ ပြည်ခိုင်ဖြိုးပါတီနှင့် PPP ပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ်များ ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြထား
ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး တက်ရောက်ခဲ့သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်
ရန်ကုန်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး တက်ရောက်ခဲ့သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်
Published 6 June 2020

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား အယုံအကြည် မရှိကြောင်းအဆိုတင်သွင်းရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များလက်မှတ်ရေးထိုးကာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းထံ တင်ပြခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဇွန် ၅ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး စတုတ္ထနေ့ (နောက်ဆုံးနေ့) တွင် လွှတ်တော်အား နံနက် ၁၀ နာရီတွင် ကျင်းပမည် ဖြစ်သော်လည်း ကျင်းပချိန်ထက် မိနစ် ၄၀ ကျော် နောက်ကျခဲ့သဖြင့် မည်သည့်အကြောင်းအရာကြောင့် နောက်ကျခဲ့သည်ကိုသိရှိရန်အတွက် လွှတ်တော် ကိုယ်စားလှယ်များထံဆက်သွယ်မေးမြန်းရာ အဆိုပါကိစ္စကြောင့် လွှတ်တော်ကျင်းပခဲ့သည့်အချိန် နောက်ကျခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုအယုံအကြည် မရှိကြောင်းလက်မှတ်ရေးထိုးတင်ပြတာ ဟုတ်ပါတယ်။ အကြောင်းအရာကတော့ စွပ်စွဲပြစ်တင်တာ (Impeach) ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၃ အရ ဝန်ကြီးချုပ်ဘက်ကလွှတ်တော်ကနေ ပေးအပ်တဲ့တာဝန်ကို ပျက်ကွက်တယ်။ လိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုတာကို တင်တာဖြစ်တယ်။ လွှတ်တော်ဥက္ကဋ္ဌက လက်ခံထားတယ်။ လွှတ်တော်ကိုယ်စားလှယ်ကတင်ပြရင် လက်ခံရတယ်။ လက်ခံပြီးရင် သူတို့ဆုံးဖြတ်ရမှာ ဖြစ်တယ်ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီးရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းထံဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “ဟုတ်ကဲ့ ရပါပြီခင်ဗျဟုသာပြောကြားပြီး ဖုန်းချခဲ့သည့် ထပ်မံ ပြန်လည် ဆက်သွယ်သော်လည်း လက်ခံဖြေကြားခဲ့ခြင်း မရှိပေ။

စွပ်စွဲပြစ်တင်တာကတော့ အယုံအကြည် မရှိတာပဲပေါ့၊ အကြောင်းအရာတွေက ၆၄ ဘီလျံကိစ္စ၊ YBS ရဲ့ ကျောင်းကားကိစ္စတွေ မှားနေတယ်။ နောက်တစ်ခါ COVID ကာလမှာ လုပ်တဲ့လုပ်ရပ်တွေက လွဲမှားနေတယ်။ နောက်တစ်ချက်က တပ်ချုပ်ကြီးကို ပရိုတိုကောအရ ဘာဖြစ်တယ်ဆိုပြီး ပြောထားတဲ့အချက်တွေ ပါတယ်၊ အဲဒီကိစ္စတုန်းက သူ့ကို ပါတီက သတိပေးလိုက်သေးတယ်။ အခုကိစ္စကို အန်ကယ်လည်း လက်မှတ် ထိုးလိုက်တယ်။ လွှတ်တော်ဥက္ကဋ္ဌက လက်ခံလိုက်တယ်ဟုဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်းစားလှယ် ဦးကျော်ဇေယျကပြောကြားသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီနှင့် ပြည်သူ့ရှေ့ဆောင်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးတင်ပြမှုကို လွှတ်တော်ဥက္ကဋ္ဌက လက်ခံပြီး ဖြစ်သည့်အတွက် ယင်းကိစ္စနှင့် ပတ်သက်ပြီးရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးရမည်ဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ဇွန် ၅ ရက်၌ပြီးဆုံးသွားသဖြင့် လွှတ်တော်အတွင်း အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်းများကို ဆောင်ရွက်ရန်မှာ လာမည့် လွှတ်တော်အစည်းအဝေး၌သာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

မနေ့က အခမ်းအနား ပြီးဆုံးကြောင်း လုပ်ထားပြီးပြီ၊ အဲအတွက် အချိန်မပေးတော့ဘူး။ အရေးပေါ် အစည်းအဝေးဆိုတော့ သုံးလေးရက်လောက်ပ ဲလုပ်ရတာ၊ ပုံမှန်အစည်းအဝေးကို အားချင်းခေါ်ရတော့မယ်။ ဒါမှမဟုတ် အရေးပေါ်အစည်းအဝေး ထပ်ခေါ်ပေးရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေနဲ့ညီနေလို့ ဝိုင်းပြီး လက်မှတ်ရေးထိုးတာ ဖြစ်တဲ့အတွက် ဥပဒေနဲ့ ညီနေတာကြောင့် အရေးပေါ်အစည်းအဝေး ပုံမှန်အစည်းဝေးခေါ်ပေးရမယ်။ ဒါကလွှတ်တော်ဥက္ကဋ္ဌရဲ့ အဖြေဘယ်လိုလာမယ် ဆိုတာကိုစောင့်ကြည့်ရမယ်ဟုဦးကျော်ဇေယျကပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် လွှွတ်တော်ကိုယ်စားလှယ် ၁၂၃ ဦးရှိကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ၈၇ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သုံးဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ တစ်ဦး၊ ရခိုင်အမျိုးသားပါတီမှ တစ်ဦး၊ တပ်မတော်သား ၃၁ ဦးဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးအားဇွန် ၂ ရက်မှ ၅ ရက်အထိ ပြုလုပ်ခဲ့ပြီးရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှု ဥပဒေကြမ်းအားအတည်ပြုခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ရသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) အားအတည်ပြုခြင်းများဆောင်ရွက်ခဲ့သည်။

အဆိုပါ လွှတ်တော်အစည်းအဝေး စတင်သည့်နေ့တွင် ဦးကျော်ဇေယျက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်များကို အရေးယူဆောင်ရွက်ရေး အရေးကြီးအဆိုတင်ခဲ့သော်လည်း တင်သွင်းခွင့် မရခဲ့ကြောင်းသိရသည်။

 

 

Most Read

Most Recent