ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနက အချို့မြို့နယ်များ၏ လမ်းများကောင်းမွန်နေလျက် ထပ်ပိုးလွှာခင်းရန် တောင်းခံခြင်းနှင့် ကားပါကင်အတွက် လမ်းတိုးချဲ့ရန် တင်ပြထားခြင်းများ ရှိသည့်အတွက် ဘတ်ဂျက် ကျပ်သန်း ၁၇၀၀ ကျော် စိစစ်လျှော့ချခဲ့ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဌ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားသည်။
ဇွန် ၃ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းခဲ့သော ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ရသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီမှ ငွေကြေးဆိုင်ရာ စိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက် အစီရင်ခံစာကို ကော်မတီဥက္ကဌက လွှတ်တော်သို့ ဖတ်ကြားတင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အချို့မြို့နယ်များရဲ့ လမ်းများကောင်းမွန်နေပါလျက် ထပ်ပိုးလွှာခင်းရန် တောင်းခံခြင်း၊ အချို့လမ်းများမှာ ကောင်းမွန်နေသော်လည်း ကားပါကင်အတွက် လမ်းတိုးချဲ့ရန် တင်ပြထားခြင်း၊ နောက်ဖေးလမ်းကြား ကွန်ကရိခင်းခြင်းတွင် မြို့နယ်ချင်း စျေးနှုန်းကွာ ခြားနေခြင်း၊ လမ်းအကျယ်သတ်မှတ်ချက်အရ သတ်မှတ်သော ကွန်ကရိထုအချိုးအစားနဲ့ ကွဲလွဲစွာ လမ်းကျဉ်းလေးများကို ပိုခိုခိုင်မာစေရန်ဟုဆိုပြီး ထုတိုးမြှင့်ခင်းရန် တင်ပြခြင်း၊ အခြေအနေတူညီသည့် မြို့နယ်ချင်းပင် ဘဏ္ဍာငွေခွဲဝေရရှိမှုအချိုးအစား မမျှမတဖြစ်နေခြင်း၊ လူနေထိုင်မှုကျဲပါးပြီး ပေထောင်ချီသော လမ်းများခင်းရန် တင်ပြထားခြင်းတို့ကို တွေ့ရှိရတဲ့အတွက် ဌာနနဲ့ညှိနှိုင်းပြီး ကျပ် ၁၇၀၂ ဒသမ ၅၃၂ သန်းကို လျှော့ချခဲ့ပါတယ်” ဟု ဦးတင့်လွင်က ဆိုသည်။
ထို့ကြောင့် လမ်းဧရိယာနှင့် လမ်းသား အချိုးအစားထက် ကျော်လွန်ပြီး ဧရိယာအပြည့် လမ်းခင်းခြင်းကို မြို့နယ်အများစုက တောင်းဆိုလာပါက ဘဏ္ဍာငွေများ မလိုအပ်ဘဲ သုံးစွဲရမှုများပြားလာနိုင်ကြောင်း၊ မိုးရွာချိန် လမ်းပေါ်ရေမြုပ်ခြင်း၏ အကြောင်းရင်းကို မရှာဖွေဘဲ လမ်းထပ်မြှင့်ရန် ထပ်ပိုးလွှာခင်းခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေသဖြင့် တာဝန်ရှိသူများက အထူးအလေးဂရုပြုသင့်ကြောင်း ဦးတင့်လွင်က ပြောကြားသည်။
ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေပေးဝေရေးဌာနက ငမိုးရိပ်လှော်ကား ရေပေးဝေရေး၊ ရေလှောင်ကန်ကြီးများနှင့် အဝီစိတွင်းများ ရေပေးဝေရေး၊ မြို့သစ်ရေပေးရေး၊ မြို့တွင်းရေဖူလုံရေး စသည့်လုပ်ငန်းများတွင် ပုတ်ပြတ်လုပ်သားခများမှာ ပြင်ပပေါက်စျေးနှင့် ဆီလျော်မှုမရှိခြင်း၊ တိုင်းဒေသကြီး ခွင့်ပြုစျေးနှုန်းအရ တောင်းခံခြင်းဟု ဆိုသော်လည်း မြေပြင်စျေးနှုန်းနှင့် အလွန်ကွာခြားနေခြင်းတို့ကြောင့် ကျပ် ၆၅၃ ဒသမ၂၃၁ သန်းကိုဌာနနှင့် ညှိနှိုင်းကာ လျှော့ချခဲ့ကြောင်း ဦးတင့်လွင်က ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရေဆိုးနှင့်မိလ္လာဌာနက မြို့တွင်းခြောက်မြို့နယ် မိလ္လာတွန်းစက် ၂၀ ပြင်ဆင်ခြင်း၊ လျှပ်စစ်နှင့် စက်မှုပစ္စည်းများ လဲလှယ်ခြင်း၊ ရေဆိုးကန်များမှ ပန့်အသစ်များ လဲလှယ်ခြင်း၊ လျှပ်စစ်လေမှုတ်စက်များ ပြုလုပ်ခြင်း စသည့်လုပ်ငန်းများတွင် လုပ်အားခ ၅ ရာခိုင်နှုန်း၊ ပစ္စည်းဝယ်ယူခြင်း ၃ ရာခိုင်နှုန်း လျှော့ချခဲ့ခြင်းကြောင် ၅၉ ဒသမ ၀၀၇ သန်းအား ဌာနနှင့်ညှိနှိုင်းပြီး လျှော့ချခွင့်ပြုခဲ့ကြောင်း ဦးတင့်လွင်က ပြောကြားသည်။
ယင်းအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြေယာရှုခင်းနှင့် အားကစားကွင်းများဌာနက ဝယ်ယူရန် မလိုအပ်သော ကားအချို့နှင့် ပြင်ပပေါက်စျေးနှင့် ကွာခြားသော ဝယ်ယူမှုများအား စိစစ်ခဲ့ပြီး ကျပ် ၁၀၀ ဒသမ ၉၈၈ သန်းအား ဌာနနှင့် ညှိနှိုင်းပြီး စိစစ်လျှော့ချခဲ့ကြောင်း၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဆက်လက်ဆောင်ရွက်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းတို့ကြောင့် ပြည်သူများ အပန်းဖြေအနားယူနိုင်မှု၊ စိမ်းလန်းသာယာသော နေရာများ ဖန်တီးခြင်းဖြင့် မြို့ပြမွန်းကြပ်ခြင်း လျော့ပါးစေမှုတို့ကို တွေ့ရှိရသည့်အတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးတင့်လွင်က ပြောကြားသည်။















