အခြားကဏ္ဍများတွင် ဖြေလျော့မှုများရှိသည့်တိုင် ပရီးမီးယားလိဂ်ကစားသမားများကို ဆက်လက်တင်းကျပ်သွားမည်ဖြစ်ပြီး အနေအထိုင်အပြုအမူများ ဆင်ခြင်ရန်သတိပေးထား

အခြားကဏ္ဍများတွင် ဖြေလျော့မှုများရှိသည့်တိုင် ပရီးမီးယားလိဂ်ကစားသမားများကို ဆက်လက်တင်းကျပ်သွားမည်ဖြစ်ပြီး အနေအထိုင်အပြုအမူများ ဆင်ခြင်ရန်သတိပေးထား
Published 2 June 2020

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု မရှိစေရေးအတွက်  ကစားသမားများအား သာမန်ထက်လွန်ကဲသည့် တင်းကျပ်မှုများဖြင့် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကစားသမားများအား အစိုးရမှသတ်မှတ်ထားသော စောင့်ကြည့်ခြင်းနှင့် ခြေရာခံခြင်း ညွှန်ကြားချက်များနှင့်အညီ တင်းတင်းကျပ်ကျပ်ကိုင်တွယ်သွားမည်ဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

အကယ်၍ ကစားသမားတစ်ဦးအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံရသူတစ်ဦးနှင့် ထိတွေ့မှု ရှိခဲ့ပါက ၎င်းအား ဘောလုံးပွဲများ ကစားခွင့်ပေးတော့မည်မဟုတ်သည့်အပြင် တစ်ဦးတည်း သီးခြားနေထိုင်မှု (၁၄) ရက် ထားရှိသွားမည်ဖြစ်သည်။

အင်္ဂလန်တွင် အခြားသောကဏ္ဍများ၌ တင်းကျပ်မှုများကို ဖြေလျော့ပေးသည့်တိုင် ကစားသမားများအနေဖြင့် တင်းကျပ်သည့်ထိန်းချုပ်မှုများကို ဆက်ခံရဦးမည်ဖြစ်ကြောင်း သိရှိရသည်။

ကစားသမားများအား ၎င်းတို့၏လူနေမှုပုံစံကို ထိန်းသိမ်းရန်နှင့် ယင်းကဲ့သို့ (၁၄)ရက်သီးခြားနေထိုင်ရသည့်အခြေအနေမျိုးမရောက်စေရန်အတွက် ကလပ်အသင်းများမှ ဆရာဝန်များက ပညာပေးညွှန်ကြားလျက်ရှိနေကြကြောင်း သိရှိရသည်။

လေ့ကျင့်ရေးအပြီး မိမိတို့၏ကိုယ်ပိုင်လွတ်လပ်ချိန်များတွင် အသွားအလာ အနေအထိုင်များကို အတတ်နိုင်ဆုံးဆင်ခြင်ရန်အတွက် ကစားသမားများအား ကလပ်အသင်းများက သတိပေးထားကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် ကလပ်အသင်းတာဝန်ရှိသူများနှင့် နည်းပြများအနေဖြင့်လည်း ၎င်းတို့၏အသင်းများမှ ကစားသမားတစ်ဦးဦး ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပါက ကျန်ကစားသမားအ များအပြား (၁၄)ရက်သီးခြားနေထိုင်မှုနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်နေကြပြီး ယင်းကဲ့သို့မဖြစ်ပေါ်စေရန် ကြိုးပမ်းဆောင်ရွက်နေကြကြောင်း သိရှိရသည်။

လက်ရှိသတ်မှတ်ချက်များအရ ဗိုင်းရပ်စ်ပိုးရှိသူတစ်ဦးနှင့် (၁၅)မိနစ်ကြာ ထိတွေ့မှုရှိခဲ့ပါက ၎င်းအား Close Contact (အနီးကပ်ထိတွေ့သူ)ဟုသတ်မှတ်ကာ ရောဂါပိုးစစ်ဆေးမည်ဖြစ်ပြီး သီးခြားထားရှိမှုပြုလုပ်မည်ဖြစ်သည်။

သို့ဖြစ်ရာ ကလပ်အသင်းများမှာ လေ့ကျင့်ရေးကွင်းများတွင် ကစားသမားများ ထိတွေ့မှုများနိုင်သည့် လေ့ကျင့်မှုများ၌ (၁၀)မိနစ်သာ အများဆုံးလေ့ကျင့်ရန် ကန့်သတ်ထားကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင်လည်း လေ့ကျင့်ရေးကွင်းတွင် အစိုးရမှသတ်မှတ်ထားသော Social Distancing ပုံစံများဖြင့် နေထိုင်လျက်ရှိနေကြပြီး အစားအသောက်များ စားသောက်ရာတွင်လည်း အတူတကွစားသောက်ခြင်းကို ရှောင်ရှားကာ လေ့ကျင့်ရေးကွင်းအသွားအပြန်များတွင်လည်း တစ်ဦးချင်းစီသာ သွားလာလျက်ရှိကြောင်း သိရသည်။

ကလပ်အသင်းများအနေဖြင့် အဝေးကွင်းပွဲစဉ်သို့ သွားလာမှုများတွင် အန္တရာယ်ကိုလျှော့ချရန်အတွက် လေယာဉ်ဖြင့်သွားလာခြင်းကို မပြုလုပ်ဘဲ ဘတ်စ်ကားများဖြင့်သာ (တစ်စီးတွင် ကစားသမားနှင့် နည်းပြများ၊ ကျန်တစ်စီးတွင် အသင်းမှတာဝန်ရှိဝန်ထမ်းများ) သွားလာရန်လည်း စီစဉ်နေကြကြောင်း သိရှိရသည်။

Most Read

Most Recent