အင်းဝမြို့မှ ပျောက်ဆုံးနေသည့် ၁၉ နှစ်အရွယ် အမွှာညီအစ်မနှစ်ဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို နှစ်ရက်အကြာ ယနေ့ (မေ ၂၆ ရက်) မွန်းလွဲပိုင်းတွင် စစ်ကိုင်း (အင်းဝ)တံတား၏ မြစ်အောက်ပိုင်း ရိပ်သာကျွန်းအနီးတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကိုင်း (အင်းဝ) တံတား အလယ် ၄ ကုန်းမြောက်တွင် မေ ၂၄ ရက် မွန်းလွဲ နှစ်နာရီဝန်းကျင်ခန့်တွင် ရပ်တန့်ထားသည့် ဆိုင်ကယ်တစ်စီးကို တွေ့ရှိခဲ့၍ စုံစမ်းရာ ဆိုင်ကယ်မှာ အင်းဝမြို့ ပြင်စီတန်းရပ်နေသူ အမွှာညီအစ်နှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်ဖြစ်ကြောင်း၊ ၎င်းတို့မှာ စစ်ကိုင်းတက္ကသိုလ်တွင် တက်ရောက်နေသော မခိုင်စုဝေနှင့် မငြိမ်းစုဝေတို့ဖြစ်ပြီး ဧရာဝတီမြစ်အတွင်း ခုန်ချသွားခြင်း ဟုတ်မဟုတ်ကို အတည်ပြုနိုင်ခြင်း မရှိသောကြောင့် ပျောက်ဆုံးနေမှုအား ရေပြင် မြေပြင် ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ယင်းသို့ ရှာဖွေမှုများ ပြုလုပ်လျက်ရှိရာ ၎င်းတို့နှစ်ဦးအနက် အငယ်ဖြစ်သူကို စစ်ကိုင်း (အင်းဝ) တံတား၏ မြစ်အောက်ပိုင်း ရေမိုင် နှစ်မိုင်ခန့်ရှိ ရိပ်သာကျွန်းအနီးတွင် တံငါလှေတစ်စီးမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“၂၄ ရက်နေ့မှာ စစ်ကိုင်းတံတားအဟောင်း အင်းဝတံတားပေါ်မှာ ဆိုင်ကယ်စူပါကပ်တစ်စီး ရပ်ထားတယ်ဆိုပြီး သတင်းရလို့ လိုက်စုံစမ်းရင်း စုံစမ်းရင်း အင်းဝဘက်က အမွှာညီအစ်မနှစ်ယောက်လို့ သိရတယ် ။ အဲဒီမှာ CCTV တွေ ရသလောက် ပြန်ကြည့်တော့ ခုန်ချတယ်ဆိုတာလည်း မသေချာဘူး။ ပျောက်နေတယ်ဆိုတော့ ခုန်ချသွားခဲ့ရင် တွေ့များ တွေ့နိုင်မလားလို့ ရေပြင်ရှာဖွေရေးအနေနဲ့ လိုက်ပြီး ပတ်ရှာတယ်။ ဒါပေမယ့် ဒီကနေ့မှာပဲ ဘော်ဒီကို ပြန်တွေ့တယ်။ အဲဒီမှာ သူတို့ပြောထားတဲ့ အမွှာညီအစ်မနှစ်ယောက်ထဲက တစ်ယောက်က အကျင်္ီအပြာရောင်နဲ့ အောက်က ဘောင်ဘီအစင်းကြာအတိုနဲ့ဆိုတာကို ကာယကံရှင်က အတည်ပြုတဲ့အတွက် ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်လိုက်ပါတယ်” ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း SERT)မှ ကိုဟိန်းဇော်ထက်က ပြောကြားသည်။

“အဲဒီနေ့က အိမ်မှာ သရက်သီးသပေါက်လုပ်နေတုန်း အဖေက နည်းနည်းဆူလိုက်တာတော့ ရှိတယ်တဲ့။ နောက်ပြီး မနက် ၁၀ နာရီလောက်မှာ အပင်တွေ ဆေးဖျန်းဖို့ ဆေးဝယ်ခိုင်းလိုက်တာ ပြန်ရောက်မလာလို့ လိုက်ရှာတော့ ဆိုင်ကယ်ကို တံတားပေါ်မှာ တွေ့တာ။ မောင်နှမလေးယောက်မှာ အဲဒီအမွှာက အငယ်လေးတွေပေါ့။ အမေမရှိတော့ဘူး။ စာလည်းတော်ကြတော့ စစ်ကိုင်းတက္ကသိုလ်မှာ မဟာတန်း တက်နေတယ်ပြောတယ်။ သူတို့က အမွှာလည်း အမွှာဆိုတော့ ဘာလုပ်လုပ် အတူတူ၊ ထမင်းစားလည်း အတူတူပဲ။ တစ်ယောက်ထိရင် တစ်ယောက်ကမခံဘူး။ တစ်ယောက်ကို အဖေက ဆူတော့တောင် ကျန်တစ်ယောက်က ပြန်ပြောသေးတယ်တဲ့။ အဲဒီနေ့က ဆူလိုက်တယ်ဆိုတာလည်း ဘာမှဖြစ်လောက်တာမဟုတ်ပါဘူး။ ခုလို ဘာကြောင့် ဖြစ်သွားသလဲ သေချာမသိရပေမယ့် ကျန်တဲ့သူတွေ ရင်ကျိုးရတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ယခုပြန်လည်တွေ့ရှိခဲ့သည့် ရုပ်အလောင်းကို အရေးပေါ်ကယ်ဆယ်ရေး ရေပြင်ရှာဖွေရေးအဖွဲ့မှ ရေယာဉ်ဖြင့် သယ်ဆောင်ကာ အိုးဘိုနာရေးကူညီမှုအသင်းကားဖြင့် စစ်ကိုင်း ကုတင် ၂၀၀ ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ကျန်ရှိနေသူတစ်ဦးကို ရေပြင်ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
စစ်ကိုင်း(အင်းဝ)တံတားနှင့် ဧရာဝတီတံတား(ရတနာပုံ) တို့ပေါ်မှ ယင်းကဲ့သို့ ခုန်ချသည့်ဖြစ်စဉ်များမှာ ၂၀၁၉ ခုနှစ်အတွင်းက ငါးကြိမ်ရှိခဲ့ပြီး ယခုနှစ်တွင် ယခုဖြစ်စဉ်မှာ ဒုတိယမြောက်ဖြစ်ကြောင်း သိရသည်။















