စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း ရွှေသတ္တုတူးဖော်မှုကြောင့် သစ်တောများ ပြုန်းတီးကာ သစ်ပင်များ ပြန်လည်မပေါက်နိုင်သည့် နေရာများတွင် သစ်စေ့မြေလုံး (Seed Ball) ပေါင်း ခုနစ်သိန်းခွဲ ကြဲချစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကြဲချစိုက်ပျိုးခြင်းကို မေ ၂၃ ရက်မှ စတင်ပြုလုပ်နေပြီး မေလကုန်သည်အထိ ပြုလုပ်သွားမည်ဖြစ်ကာ အပင်ပေါက်လွယ်သည့် ရှားနှင့်ကုက္ကိုလ် သစ်စေ့များကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးအေးမင်းလှိုင်၏ ပြောကြားချက်အရ သိရသည်။
“ရွှေသတ္တုတူးဖော်မှုကြောင့် မြေဆီလွှာ ပြုန်းတီးပြီး သစ်ပင်ပေါက်ရောက်မှုမရှိတဲ့ နေရာတွေကို ကျွန်တော်တို့က သစ်စေ့မြေလုံးလေးတွေ လိုက်ချတာပေါ့။ သစ်စေ့မြေလုံးလေးတွေ လိုက်ကြဲပြီးတော့မှ မိုးကျလာရင် တစ်ခါတည်း အပင်ပေါက်လာအောင်ပေါ့။ တစ်မြို့နယ်လုံးမှာ နေရာကိုးနေရာ ဆောင်ရွက်မှာ ဖြစ်တယ်။ ဧကပေါင်း ၄၈၀ နဲ့ သစ်စေ့မြေလုံးပေါင်း ခုနစ်သိန်းခွဲ ကြဲချစိုက်ပျိုးသွားမှာဖြစ်တယ်။ သစ်စေ့တွေကတော့ အပေါက်မြန်တဲ့ ရှားနဲ့ကုက္ကိုလ်ကို ကြဲမှာပေါ့။ မေလအတွင်းမှာ အပြီးဆောင်ရွက်မယ်” ဟု ဦးအေးမင်းလှိုင်က ပြောကြားသည်။
သစ်စေ့မြေလုံး (Seed Ball) ကြဲချစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ် အနည်းငယ်ဖြင့် သစ်ပင်များ ပြန်လည်စိုက်ပျိုးသည့် နည်းဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနှင့် အင်းလေးကန် ရေဝေရေလဲ ဒေသများတွင် ထိုနည်းဖြင့် ကြဲချစိုက်ပျိုးခဲ့ဖူးကြောင်း သိရသည်။
“သစ်စေ့မြေလုံးဆိုတာက သစ်စေ့တစ်ဆ မြေဆွေးသုံးဆ ရွှံ့စေးမြေတစ်ဆရောပြီး ပနော်တာပေါ့။ ပနော်ပြီးပြီဆိုရင် အဲဒါကို မြေစေးနဲ့ ဆွတ်ပြီးလုံးတာပေါ့။ ဒီမှာတော့ သစ်စေ့က အပေါက်မြန်တဲ့ သစ်မျိုးတွေဖြစ်နေတော့ ဒီဟာကို ရွှံ့စေးမြေထဲမှာ မြေဆွေးအမှုန့်ကို အရင်ထည့်တယ်။ ထည့်ပြီးတော့မှ သစ်စေ့ထည့်ပြီး လုံးလိုက်တာပေါ့။ မိုးရွာရင် ရွှံ့ကအရည်ပျော်ပြီး မြေဆွေးလေးနဲ့ သစ်စေ့လေးနဲ့က ကျန်ခဲ့ပြီး အပင်ပေါက်မှာပေါ့။ ဒီနည်းက ကုန်ကျစရိတ်အနည်းငယ်နဲ့ အပင်စိုက်ပျိုး ဖြစ်ထွန်းနိုင်တဲ့နည်းဖြစ်ပါတယ်။ အရင်တုန်းကလည်း မြန်မာနိုင်ငံ အပူပိုင်းဒေသတွေမှာ လေယာဉ်နဲ့ ကြဲခဲ့ဖူးတယ်။ ဗောဓိတစ်ထောင်တို့ အင်းလေးကန် ရေဝေရေလဲတို့မှာလည်း အဲဒီနည်းနဲ့ ကြဲခဲ့ဖူးတယ်။ ဒီနေရာမှာတော့ ပထမဆုံးအကြိမ် စမ်းသပ်အဆင့်အနေနဲ့ လုပ်ကြည့်တာပါ” ဟု ဦးအေးမင်းလှိုင်က ဆိုသည်။
ဟုမ္မလင်းမြို့နယ်သည် ရွှေသတ္တုတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ဆိုးရွားစွာ ခံစားနေရပြီး မြစ်ချောင်းများ တိမ်ကောလာခြင်း၊ သစ်တောများ ပြုန်းတီးကာ ပြန်လည်မပေါက်ရောက်တော့ခြင်း၊ လယ်ယာမြေများ ပျက်စီးခြင်း စသည်တို့ ဆိုးရွားစွာ ခံစားနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။















