ELEVEN MEDIA GROUP နှင့် စေတနာရှင်များ ပူးပေါင်း၍ ရေစကြိုမြို့နယ် မြစ်လှချောင်ကျေးရွာနှင့် မြိုင်မြို့နယ် အိုးပြွန်နှင့် ကြံစိမ့်ကြီး ကျေးရွာတို့အား မေ ၂၄ ရက်နှင့် ၂၅ ရက်က သောက်သုံးရေ ဂါလန် ၁၄၀၀၀ လှူဒါန်းပေးခဲ့သည်။
ရေစကြိုမြို့နယ် မြစ်လှချောင်ကျေးရွာမှာ မေလကုန်ပိုင်းရောက်သည်ထိ မိုးရွာသွန်းခြင်း မရှိသည့်အတွက် ရေအခက်အခဲ ဆက်လက်ကြုံတွေ့နေသည့် ကျေးရွာဖြစ်ပြီး ELEVEN MEDIA GROUP နှင့် စေတနာရှင်များ ပူးပေါင်း၍ ရေဂါလန် ၃၀၀၀ လှူဒါန်းပေးမှုကြောင့် သောက်သုံးရေ ငါးရက်စာခန့် ဖူလုံခဲ့သည်။
ELEVEN MEDIA GROUP နှင့် စေတနာရှင်များ ပူးပေါင်း၍ မြစ်လှချောင် ကျေးရွာသို့ မေ ၂၅ ရက်က လှူဒါန်းပေးခဲ့သည့် ရေဂါလန် ၃၀၀၀ အပါအဝင် ယခုနှစ်အတွင်း ငါးကြိမ်မြောက် လှူဒါန်းပေးခြင်းဖြစ်သည်။
“လက်ရှိထိတော့ မိုးက မရွာသေးဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရွာတဲ့မိုးကလည်း ဖုန်သိပ်ရုံလောက် ရွာတာ။ သွပ်မိုးကကို ရေကောင်းကောင်း မစီးလိုက်ဘူး။ အပူချိန်ကလည်း မြင့်လာတော့ ရေအသုံးကလည်း များလာတယ်။ စက်တွင်းရေက ချိုးဖို့အတွက်နဲ့ တိရစ္ဆာန် တိုက်ရေလောက်ပဲ ရတယ်။ အငန်ဓာတ်များတော့ ထမင်းချက်ရင်လည်း ၀ါတယ်။ အထား မခံဘူး။ သိုးကုန်တယ်။ လက်ရှိလာလှူတဲ့ ရေကိုပဲ ထမင်းချက်ဖို့ သောက်ရေအတွက် သုံးတယ် ” ဟု မြစ်လှချောင်ကျေးရွာမှ ကိုလူချောက ပြောကြားသည်။
စက်ရေတွင်း ရေငန်သာထွက်ရှိသည့်အတွက် ကန်ရေအားထားသုံးစွဲရသော မြိုင်မြို့နယ် ကြံစိမ့်ကြီးကျေးရွာမှ အိမ်ခြေ ၁၀၀ ကျော်မှာ ELEVEN MEDIA GROUP နှင့် စေတနာရှင်များ၏ မေ ၂၅ ရက်က သောက်သုံးရေဂါလန် ၄၀၀၀ လှူဒါန်းပေးမှုကြောင့် ငါးရက်စာခန့် ဖူလုံခဲ့သည်။ မြိုင်မြို့နယ် ကြံစိမ့်ကြီးကျေးရွာမှာ ကန်ရေနည်းပါးသွားသည့်အတွက် သောက်သုံးရေ အခက်အခဲအား မေလလယ်မှစ၍ ကြုံတွေ့လာခြင်းဖြစ်ပြီး လက်ရှိတွင် စိမ့်တွင်းမှရေအား အချိန်ကြာမြင့်စွာ စောင့်စိုင်းခပ်ယူနေရသည့် ကျေးရွာဖြစ်သည်။
ကန်ရေနည်းပါးပြီး စက်ရေတွင်း ချို့ယွင်းမှုကြောင့် သောက်သုံးရေ မလုံလောက်မှု ကြုံတွေ့နေသည့် မြိုင်မြို့နယ် အိုးပြွန်ကျေးရွာသို့ ELEVEN MEDIA GROUP နှင့် စေတနာရှင်များ ပူးပေါင်း၍ မေ ၂၄ ရက်က ရေဂါလန် ၇၀၀၀ လှူဒါန်းပေးမှုကြောင့် အိမ်ခြေ ၃၀၀ ကျော်မှာ သောက်သုံးရေ ငါးရက်စာခန့် ရရှိခဲ့သည်။
“ရွာမှာကဆည်ရှိတယ်။မိုးကမရွာတော့ ဆည်ထဲရေက အတော်နည်းနေပြီ။ သောက်သုံးရေအတွက် မရတော့ဘူး။ လူချိုးဖို့အတွက်တောင် ခပ်လာတဲ့ရေကို အိုးထဲထည့်ပြီးတာနဲ့ အချိန်အတော်ကြာစောင့် အနည်တိမ်ပြီး သုံးရတယ်။ အနံအသက်လည်း မကောင်းတော့သလို ရေကလည်း ချွဲလာပြီ။ စက်တွင်းကလည်း ခုထိ မရသေးဘူး။ တစ်ရွာလုံး အိမ်ခြေ ၃၅၀ လောက်ကို စက်ရေတွင်း တစ်တွင်းနဲ့ သုံးနေရတာ။ ခုလို ရေလာလှူသူတွေရှိလို့ ရေအဆင်ပြေနေတာ” ဟု အိုးပြွန်ကျေးရွာမှ ကိုကျော်နိုင်ဝင်းက ပြောကြားသည်။
ပခုက္ကူနှင့် ညောင်ဦးခရိုင်အတွင်း စက်ရေတွင်း ရေငန်သာထွက်ရှိသည့်အတွက် ကန်ရေအားထား သုံးစွဲရသော ကျေးရွာများမှာ ပြီးခဲ့သည့် ၂၀၁၉ခုနှစ်အတွင်း မိုးကောင်းစွာ မရရှိခြင်းနှင့် ယခုနှစ် မိုးဦးမိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ကန်ရေခန်းခြောက်ပြီး ရေအခက်အခဲ ကြုံတွေ့နေရခြင်းဖြစ်သည်။
အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ပံ့ပိုးသည့် ရေသယ်ယာဉ် နှစ်စီးဖြင့် ELEVEN MEDIA GROUP နှင့် စေတနာရှင်များ ပူးပေါင်း၍ ယခုနှစ် ဇန်နဝါရီလမှ မေလထိ ရေဂါလန် ခုနစ်သိန်းကျော်အား ရေလိုအပ်သော ကျေးရွာများသို့ ဖြန့်ဝေလှူဒါန်းပေးထားသည်။















