ရန်ကုန် မြို့ပြင်ပတ်လမ်း စီမံကိန်းကို လှည်းကူး၊ ဒဂုံမြို့သစ် (အရှေ့)၊ ဒဂုံဆိပ်ကမ်း၊ သန်လျင်နှင့် ကျောက်တန်းစသည့် မြို့နယ်ငါးခုကို ဖြတ်သန်းတည်ဆောက်မည်ဖြစ်ပြီး အများပြည်သူ အကြံပြုနိုင်ရန် စီမံကိန်းဆိုင်ရာ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ ထုတ်ပြန်

ရန်ကုန် မြို့ပြင်ပတ်လမ်း စီမံကိန်းကို လှည်းကူး၊ ဒဂုံမြို့သစ် (အရှေ့)၊ ဒဂုံဆိပ်ကမ်း၊ သန်လျင်နှင့် ကျောက်တန်းစသည့် မြို့နယ်ငါးခုကို ဖြတ်သန်းတည်ဆောက်မည်ဖြစ်ပြီး အများပြည်သူ အကြံပြုနိုင်ရန် စီမံကိန်းဆိုင်ရာ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာ ထုတ်ပြန်
Published 25 May 2020
နီလာ

ရန်ကုန် မြို့ပြင်ပတ်လမ်း စီမံကိန်းကို  လှည်းကူး၊ ဒဂုံမြို့သစ် (အရှေ့)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ သန်လျင်နှင့် ကျောက်တန်း စသည့်မြို့နယ်ငါးခုကို ဖြတ်သန်းတည်ဆောက်မည်ဖြစ်ပြီး အများပြည်သူ သုံးသပ်အကြံပြုနိုင်ရန် စီမံကိန်းဆိုင်ရာ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ပူးပေါင်း၍ ရန်ကုန်မြို့တော် အပြင်ပတ်လမ်း စီမံကိန်း Yangon Outer Ring Road (YORR) အရှေ့ဘက်ခြမ်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာကို ရေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ချေးငွေဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း သတ်မှတ်ချက်အရ လိုအပ်သော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာသည် စီမံကိန်းအတွက် မြန်မာဘက်မှ မဖြစ်မနေ လုပ်ဆောင်ရမည့် အချက်တစ်ခုဖြစ်သည်။

ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်းများ (၂၀၁၅) အရ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း ပြုလုပ်မည့် လုပ်ငန်းများသည် နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်းအဆင့်ကို ပြုလုပ်ရပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ချမှတ်ထားသော သက်ဆိုင်ရာ လမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သည်။

ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး ကွင်းဆင်းလေ့လာခြင်းကို မြန်မာနိုင်ငံရှိ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းများတွင် အီးဂတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီမှ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းအဖွဲ့သည် စီမံကိန်းအကြို တည်ဆောက်ခြင်းကာလ၊ စီမံကိန်း တည်ဆောက်ခြင်းကာလနှင့် စီမံကိန်း လည်ပတ်ခြင်းကာလများတွင် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်း လုပ်ငန်းစဉ် ဦးစွာပြုလုပ်၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းသည် လမ်းကြောင်းတစ်လျှောက်တွင် လှည်းကူး၊ ဒဂုံမြို့သစ် (အရှေ့)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ သန်လျင်နှင့် ကျောက်တန်း စသည့်မြို့နယ်ငါးခုကို ဖြတ်သန်းတည်ဆောက်မည်ဖြစ်သည်။

ရန်ကုန် မြို့ပြင်ပတ်လမ်း အရှေ့ဘက်ခြမ်းဖြစ်သော ရန်ကုန်-မန္တလေး အမြန်လမ်းမှ သီလဝါ အထူးစီးပွားရေးဇုန်သို့ ဆက်သွယ်မည့် အရှည် ၅၇ ဒသမ ၈ ကီလိုမီတာရှိသည့် အမြန်လမ်းသစ် စီမံကိန်း တည်ဆောက်မည်ဖြစ်ပြီး ယင်းစီမံကိန်းတွင် ပဲခူးမြစ်ကိုဖြတ်၍ တည်ဆောက်မည့် အရှည် ၁ ဒသမ ၄ ကီလိုမီတာရှိသည့် မြစ်ကူးတံတားနှင့် ချဉ်းကပ်လမ်းလည်း ပါဝင်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးသည် ကုန်စည်စီးဆင်းမှုနှင့် ယာဉ်အသွားအလာ များပြားလာခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်မတော်တဆမှုများ တိုးပွားလာနိုင်ကြောင်း၊ ထိုပြဿနာများကို ဖြေရှင်းနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) မှ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JICA) နှင့် ပူးပေါင်းလျက် “ Project for comprehensive urban transport plan of the greater Yangon ” (YUTRA) စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိသည်။

ရန်ကုန်မြို့ပြင်ပတ်လမ်း (YORR) အရှေ့ဘက်ခြမ်းသည် အထက်တွင် ဖော်ပြထားသည့် အဓိက စီမံကိန်း၏ ဦးစားပေးစီမံကိန်းဖြစ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမှ သီလဝါ အထူးစီးပွားရေးဇုန်သို့ အမှတ် (၇) လမ်းမကြီးအတိုင်း ရန်ကုန်မြစ်ကိုဖြတ်ကာ ဒလသို့ ဖောက်လုပ်မည်ဖြစ်ကြောင်း၊ အဆိုပါ ဦးစားပေး စီမံကိန်း၏ အမြန်လမ်းမကြီးမှ သီလဝါအထူးစီးပွားရေးဇုန်သို့ ဆက်သွယ်မည့်အပိုင်းကို ၂၀၂၅ ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအား စီမံကိန်းတင်သွင်းသူမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနဖြစ်သည်။ ယင်းစီမံကိန်းအတွက် နည်းပညာနှင့် ငွေကြေးဆိုင်ရာ အထောက်အပံ့အဖြစ် တရားဝင်ဖွံ့ဖြိုး တိုးတက်မှု အထောက်အပံ့ချေးငွေ Official Development Assistance (ODA) Loan ပေးရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ စီမံကိန်း၏ ရည်ရွယ်ချက်မှာ ရန်ကုန်မြို့ပြင်ပတ်လမ်း၏ အရှေ့ဘက်ခြမ်းဖြစ်သော ရန်ကုန်-မန္တလေး အမြန်လမ်းမှ သီလဝါ အထူးစီးပွားရေးဇုန်သို့ ဆက်သွယ်မည့်  ၅၇ ဒသမ ၈ ကီလီိုမီတာအရှည်ရှိ အမြန်လမ်းသစ်ကြီး တည်ဆောက်ရန်ဖြစ်ပြီး ယင်းတွင် ပဲခူးမြစ်ကို ဖြတ်ကူးတည်ဆောက်မည့် ၁ ဒသမ ၄ ကီလီိုမီတာ အရှည်ရှိ မြစ်ကူးတံတားနှင့် ချဉ်းကပ်လမ်းလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။                              

Most Read

Most Recent