၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန် ဗဟိုဘဏ်မှ ချေးငွေ ကျပ် ၁၃၁၁ ဒသမ ၀၆၄ ဘီလျံရယူရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန် ဗဟိုဘဏ်မှ ချေးငွေ ကျပ် ၁၃၁၁ ဒသမ ၀၆၄ ဘီလျံရယူရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) ကို တွေ့ရစဉ် (ဓာတ်ပုံ- စည်သူအောင်)
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) ကို တွေ့ရစဉ် (ဓာတ်ပုံ- စည်သူအောင်)
Published 21 May 2020
  ပြည့်ဖြိုးအောင်

၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏လို ငွေဖြည့်ဆည်းရန် ဗဟိုဘဏ်မှ ချေးငွေ ကျပ် ၁၃၁၁ ဒသမ ၀၆၄ ဘီလျံ ရယူရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။

မေ၂၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဆိုပါချေး ငွေရယူရေးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ် သည်။

“အစိုးရက ပြည်တွင်းမှ ငွေချေးယူရာတွင် အဓိကအားဖြင့် ဘတ်ဂျက်လိုငွေအတွက် ချေးယူရခြင်းဖြစ်သော်လည်း ဘတ်ဂျက်လိုငွေအတိုင်း ငွေချေးယူရခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာ ဖွင့်လှစ်ထားတဲ့ ပြည်ထောင်စုအဖွဲ့၏ အပ်ငွေစာရင်းမှာ ဖြစ်ပေါ်လာတဲ့လိုငွေကို အချိန်နဲ့တပြေးညီ ဖြည့်တင်းနိုင်ရန် ချေးယူရခြင်းဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏အပ်ငွေ စာရင်းတွင် လစဉ်ဖြစ်ပေါ်မည့်လိုငွေကို သက်သာစေရန်အတွက် အစိုးရငွေတိုက်စာချုပ်ကို တစ်လလျှင် တစ်ကြိမ်၊ အစိုးရငွေတိုက်လက်မှတ်များကို တစ်လလျှင် နှစ်ကြိမ် စျေးပြိုင်စနစ်ဖြင့် ကြိုတင်ရောင်းချပြီး ဖြည့်ဆည်းလျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“ယင်းသို့ဖြည့်ဆည်းမှုအပါအဝင် ဘတ်ဂျက်အပိုင်းမှ ရငွေ၊ သုံးငွေများ၊ ကြွေးမြီအပ် ငွေယာယီစာရင်းများရဲ့ ရငွေနဲ့ ထုတ်ပေးငွေများ အခြေအနေတို့အရ လတစ်လကုန်ဆုံးချိန်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့အပ်ငွေ စာရင်းမှာ လိုငွေဖြစ်ပေါ်တဲ့အခါမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို အစိုးရရဲ့ ငွေတိုက်လက်မှတ်များ ရောင်းချခြင်းနဲ့ ဖြည့်ဆည်းရခြင်းဖြစ်ပါတယ်” ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ထို့သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၉၁(ခ)ပါ ချေးငွေများကို အတိုးပေးသော လွှဲပြောင်းနိုင်ခွင့်ရှိသည့် အများဆုံးသက်တမ်း ၉၂ ရက်သာရှိသော အစိုးရ ငွေချေးသက်သေခံလက်မှတ်များဖြင့် ဝန်ကြီးဌာနက အာမခံမည်ဆိုသည့် ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

နှစ်စဉ် ပြည်ထောင်စုအစိုးရက ပြည်တွင်းပြည်ပမှ ငွေချေးယူခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်တွင်း၊ ပြည်ပမှ ငွေချေးယူနိုင်သည့် ပမာဏကို သတ်မှတ်ဖော်ပြထားကြောင်း၊ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာပုဒ်မ ၁၂ အရ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ဤအခန်းအရ ငွေချေးစာချုပ်များချုပ်ပြီးနောက် အမှန်တကယ် ချေးယူရရှိသည့် ငွေစုစုပေါင်းမှာ ကျပ်သန်းပေါင်း ၉၀ သိန်းအထက် မပိုစေရဟု  သတ်မှတ်ထားကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ထို့ပြင် အစိုးရ၏ငွေချေးယူခြင်းနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပုဒ်မ ၆၊ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၊ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၅၊ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ (က)(ခ)နှင့် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၆ တို့ဖြင့်  ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေချေးယူရရှိမှုကို လျှော့ချနိုင်ရန်အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ညှိနှိုင်းပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီမှစ၍  အစိုးရငွေတိုက်လက်မှတ်များကို ရက်သတ္တပတ်လျှင် နှစ်ကြိမ် စျေးပြိုင်စနစ်ဖြင့် စတင်ရောင်းချခဲ့ပြီး အတိုးနှုန်းများကိုလည်း စျေးကွက်အတိုးနှုန်းအတိုင်း ပေးခဲ့ကြောင်း၊ အစိုးရငွေ တိုက်စာချုပ်များကိုလည်း စျေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှစ၍ တစ်လလျှင် တစ်ကြိမ် ရောင်းချလျက်ရှိပြီး စျေးကွက်က ဆုံးဖြတ်သည့်အတိုင်း အတိုးနှုန်းပေးလျက်ရှိကြောင်း  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ ဘတ်ဂျက်အတွက် ပြည်တွင်းမှ ငွေချေးယူခြင်းဖြင့် လိုငွေဖြည့်ဆည်းရန် လျာထားချက်အရ ငွေချေးယူနိုင်ခွင့် ကျပ် ဘီလျံ ၉၀၀၀ ဖြစ်ပြီး ပြည်ပမှ ငွေချေးယူရန်လျာထားချက် ကျပ် ၂၄၄၄ ဒသမ ၆၇၈ ဘီလျံနှင့် ပြည်တွင်းမှ ငွေချေးယူရန်လျာထားချက် ကျပ် ၆၅၅၅ ဒသမ ၃၂၂ ဘီလျံတို့ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းမှ ငွေချေးယူရန် လျာထားချက်ကို အခြေခံ၍ အစိုးရငွေတိုက်စာချုပ်များကို ရာခိုင်နှုန်း ၄၀၊ အစိုးရငွေတိုက်လက် မှတ် ရာခိုင်နှုန်း ၄၀ နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ ရာခိုင်နှုန်း ၂၀ ဖြစ်သည့်  ကျပ် ၁၃၁၁ ဒသမ ၀၆၄ ဘီလျံဖြင့် ဖြည့် ဆည်းရန် လျာထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

 

Most Read

Most Recent