မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပုပ်သိုးပျက်စီးလွယ်သော သစ်သီးဝလံနှင့် ရေထွက်ကုန်များတင်ပို့ရာတွင် ကုန်တင်ယာဉ်များ အချိန်ကြန့်ကြာမှုမရှိစေဘဲ ဝင်/ထွက်ခွင့် ရရှိစေရန် ယူနန်ပြည်နယ်စီးပွားရေးဌာနသို့ သွားရောက်ညှိနှိုင်း

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပုပ်သိုးပျက်စီးလွယ်သော သစ်သီးဝလံနှင့် ရေထွက်ကုန်များတင်ပို့ရာတွင် ကုန်တင်ယာဉ်များ အချိန်ကြန့်ကြာမှုမရှိစေဘဲ ဝင်/ထွက်ခွင့် ရရှိစေရန် ယူနန်ပြည်နယ်စီးပွားရေးဌာနသို့ သွားရောက်ညှိနှိုင်း
 ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ရုံးနှင့် ယူနန်ပြည်နယ်စီးပွားရေးဌာနတို့မှ တာဝန်ရှိသူများ ဆွေးနွေးနေမှုကို တွေ့ရစဉ် ဓာတ်ပုံ- MOFA
ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ရုံးနှင့် ယူနန်ပြည်နယ်စီးပွားရေးဌာနတို့မှ တာဝန်ရှိသူများ ဆွေးနွေးနေမှုကို တွေ့ရစဉ် ဓာတ်ပုံ- MOFA
Published 21 May 2020
       ဇေယျာငြိမ်း

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပုပ်သိုးပျက်စီးလွယ်သော သစ်သီးဝလံနှင့် ရေထွက်ကုန်များတင်ပို့ရာတွင် ကုန်တင်ယာဉ်များ အချိန်ကြန့်ကြာမှု မရှိစေဘဲ  ဝင်/ ထွက်ခွင့် ရရှိစေရန် ယူနန်ပြည်နယ် စီးပွားရေးဌာနသို့ သွားရောက်ညှိနှိုင်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မေ ၂၀ ရက်က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေးတွင် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရန် ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်သည် ယူနန်ပြည်နယ် စီးပွားရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Zhao Ruijun အား သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် လက်ရှိ COVID-19 ကူး စက်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပုပ်သိုးပျက်စီးလွယ်သော မြန်မာ့သစ်သီးဝလံများနှင့် ရေထွက်ပစ္စည်းပို့ကုန်များမှာ နှစ်နိုင်ငံနယ်စပ်ဂိတ် အဝင်အထွက် ကန့်သတ်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ် ကုန်တင်ယာဉ်များ အချိန်ကြန့်ကြာမှု မရှိစေဘဲ ဝင်/ထွက်ခွင့် ရရှိရန်လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးနိုင်ရေး၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန် နှစ်ဖက်ညှိနှိုင်းအဖြေရှာ၍ ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး  စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ယူနန်ပြည်နယ်စီးပွာရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယူနန်ပြည်နယ်စီးပွားရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အာဆီယံကုန်သွယ်ရေးဌာနမှ ညွှန်ကြားရေးမှူး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲရေးရုံး ညွှန်ကြားရေးမှူး၊ လွတ်လပ်သောကုန်သွယ်ရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးရုံးမှ ညွှန်ကြားရေးမှူး၊ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ နယ်စပ်ဂိတ်အကောက်ခွန်ဆိုင်ရာရုံးမှ ဒုတိယညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝူဟန်ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့်  မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ခဲ့ကာ အဆိုပါဗိုင်းရပ်စ်စတင် ဖြစ်ပွားခဲ့သည်မှ ရက်ပေါင်း ၂၀ ကျော်ကာလအတွင်း တရုတ်နိုင်ငံသို့ ဖရဲ၊ သခွားတင်ပို့မှုမှာ ဒေါ်လာသန်း ၅၀ ခန့် ဆုံးရှုံးသွားခဲ့ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်က တညင်းကုန်းစျေးရှိ မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ဝူဟန်ဗိုင်းရပ်စ်ကြောင့် ၂၇ ရက်ကနေ ဒီနေ့အထိ ရက်ပေါင်း ၂၀ လောက်မှာ ဖရဲ၊ သခွားတွေဟာ အရင်တုန်းက ဝူဟန်းဗိုင်းရပ်စ်မပေါ်ခင်တုန်းက တစ်နေ့ကို ကားအစီးရေ ၇၀၀ လောက်တင်ပို့နေတဲ့ အခြေအနေကနေ ဝူဟန်ဗိုင်းရပ်စ်ပေါ်ပြီးတဲ့နောက်မှာ တစ်နေ့ကားအစီးရေ ၃၀ ၊၄၀ ပို့လိုက်၊ ၄၀၊ ၅၀ ပို့လိုက်နဲ့ ပေါ့လေ။ အခုမှ အစီးရေ ၁၀၀ ကျော် ပြန်ပို့တာပေါ့။ ပို့တဲ့အခါမှာလည်း  စျေးကွက်က ဖရဲက 855 ဆိုရင် အဝယ်မရှိသလောက် ဖြစ်သွားတယ်။ နောက်ပြီး အစေ့မဲ့ဆိုရင်လည်း အဝယ်မရှိသလောက် ဖြစ်သွားတယ်။ ထိုင်ဝမ်အချိုသီးကတော့ ဟိုတစ်လောက ကားခတောင်မရဘူးပေါ့လေ။ အခုကတော့ ကားခလေးရတယ်။ နည်းနည်း အကျိုးအမြတ်လေးရတယ်ပေါ့။ ဖရဲအခြေအနေကတော့ မကောင်းသေးလို့ ပြောရမှာပေါ့” ဟု မြန်မာနိုင်ငံဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌဦးနိုင်ဝင်းက ပြောကြားသည်။

အဆိုပါကာလအတွင်း မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ တစ်နေ့လျှင် ပုံမှန်အားဖြင့် ဖရဲကားအစီးရေ ၇၀၀ ခန့် တင်ပို့နိုင်ကြောင်း၊ လက်ရှိတွင် အမှန်တကယ်တင်ပို့နေရမှုမှာ ကားအစီးရေ ၃၀၊ ၄၀ ခန့်သာ တင်ပို့နေရသဖြင့် ဆုံးရှုံးနစ်နာမှုများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ဖရဲတန်ချိန် ရှစ်သိန်းကျော်တင်ပို့ပြီး သခွားမွှေးတန်ချိန်တစ်သိန်းခွဲခန့် တင်ပို့လေ့ရှိကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။                                   

Most Read

Most Recent