မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယဦးစားပေးအဖြစ် ဖွင့်လှစ်နိုင်ရန် သတ်မှတ်ဆောင်ရွက်ခဲ့သည့် မန္တလေးဈေးချိုတော် အပါအဝင် ရတနာပုံဈေး၊ မန်းမြန်မာပလာဇာ စသည့် ဈေးကြီးများအားလုံး မေ ၂၂ ရက် နံနက်မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ခွင့် ပြုမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
မန္တလေးမြို့ပေါ်ရှိ ဈေးပေါင်းလေးဆယ်ကျော်အနက် ဈေးချို၊ မန်းမြန်မာပလာဇာနှင့် ရတနာပုံဈေးကြီးများကို လေကောင်း လေသန့်ရကာ ကိုရိုနာရောဂါ ကူးစက်မှုကာကွယ်ရေး လုပ်ငန်းများ စနစ်တကျ ပြင်ဆင်၍ ဖွင့်လှစ်နိုင်ရန် အတွက် မေ ၁၆ ရက်နေ့တွင် ရှင်းလင်းပြင်ဆင်ခွင့်ပြုခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ကာ ဖွင့်လှစ်ခွင့်ပြုခြင်းဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ပြန်လည်ဖွင့်လှစ်သည့် ဈေးများအနေဖြင့် ဈေးရုံများအတွင်း လေဝင်လေထွက် ကောင်းမွန်စေရန်၊ ဈေးသည်ဈေးဝယ်များ သွားလာရာတွင် အကွာအဝေးရရှိရန် လျှောက်လမ်းများအတွင်း ကုန်ပစ္စည်းများ မခင်းရန်နှင့် သတ်မှတ်အကျယ်အဝန်းအလိုက် ဝန်ထမ်းဦးရေ ကန့်သတ်ထားရန်၊ ဆိုင်တိုင်းတွင် လက်သန့်စင်ဆေးရည်ဗူး ထားရှိရန် စသည့်ဖြင့် အသစ်ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်အတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ကာကွယ်ရေးနှင့် ပတ်သက်သည့် သတ်မှတ်စည်းကမ်းချက်များအတိုင်း ဖွင့်လှစ်ရမည်ဖြစ်ပြီး ဈေးဖွင့်ချိန်အဖြစ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဈေးချိုတော်အား ဖွင့်လှစ်ခွင့်ပြုလိုက်သောကြောင့် မေလဆန်းပိုင်းအတွင်းက ၂ လမ်းမောင်းအဖြစ် ပြင်ဆင်သတ်မှတ်ခဲ့သည့် ဈေးချိုဧရိယာဖြစ်သော ၈၄ လမ်း ၂၆ လမ်းနှင့် ၂၈ လမ်းကြားဧရိယာတွင် ယာဉ်ကြော ကြပ်တည်းမှုမဖြစ်ရန် အတွက် ဈေးကုန်တင် ကုန်ချကားများကို ၈၄ လမ်း အနောက်ဘက်ခြမ်းတွင် ကုန်တင်ကုန်ချ ပြုလုပ်ရန် နာရီဝက် ရပ်နားခွင့် အခမဲ့ခွင့်ပြုမည်ဖြစ်ပြီး နာရီဝက်ထက်ကေျာ်လွန်ပါက ဒဏ်ငွေရိုက် အရေးယူခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ယာဉ်များစည်းကမ်းတကျ ရပ်နားနိုင်ရန် ယာဉ်ရပ်နားချိန် ကတ်များဖြင့် ဆောင်ရွက်မည်ဖြစ်ကာ ရပ်နားချိန်ကတ်မရှိဘဲ ရပ်နားထားသော ယာဉ်များအား ရေးယူခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ယခုဖွင့်လှစ်ခွင့်ပြုသည့် ဈေးများကို ဖွင့်လှစ်ပြီးနောက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ မြို့တော်ဝန် အပါအဝင် စည်ပင်တာဝန်ရှိသူများက လိုက်လံစစ်ဆေးမည်ဖြစ်ပြီး စည်းကမ်းပျက်သည့် ဈေးဆိုင်များကို ဖွင့်လှစ်ခွင့် ပိတ်ပင်မည်ဟု စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
မန္တလေးမြို့ပေါ်ရှိ အခြားဈေးများကို မေ ၁၆ ရက်မှစတင်ကာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားပြီး ဖြစ်ကြောင်း သိရသည်။
လဲ့လဲ့အောင်















