ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ်အခန်း အရေအတွက် ၅၅၀၀ ဝန်းကျင်ရှိပြီး အခန်းငှားရမ်းမှုနှုန်း ၄၂ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားကာ ပျမ်းမျှအခန်းခ ဒေါ်လာ ၉၀ ဝန်းကျင်သာရှိနေ

ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ်အခန်း အရေအတွက် ၅၅၀၀ ဝန်းကျင်ရှိပြီး အခန်းငှားရမ်းမှုနှုန်း ၄၂ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားကာ ပျမ်းမျှအခန်းခ ဒေါ်လာ ၉၀ ဝန်းကျင်သာရှိနေ
ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့်ဟိုတယ် တစ်လုံးကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့်ဟိုတယ် တစ်လုံးကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 20 May 2020
စည်သူအောင်

ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ် အခန်းအရေအတွက် ၅၅၀၀ ဝန်းကျင်ရှိပြီး အခန်းငှားရမ်းမှုနှုန်း ၄၂ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ကာ ပျမ်းမျှအခန်းခ ဒေါ်လာ ၉၀ သာရှိခဲ့ကြောင်း ကနေဒါ အခြေစိုက် အိမ်ခြံမြေ ဝန်ဆောင်မှုနှင့် အကြံပေးလုပ်ငန်း Colliers International (Myanmar) ၏ ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ် စျေးကွက် သုံးသပ်ချက်အရ သိရသည်။

ရန်ကုန်မြို့တွင် နိုင်ငံတကာဟိုတယ် ၃၀ ကျော်ဖွင့်လှစ်ပြီးဖြစ်ကာ တည်ဆောက်ဆဲ စီမံကိန်း ၁၀ ခုဝန်းကျင်၊ ခွင့်ပြုမိန့်ရပြီး စီမံကိန်း ၂၀ ခုဝန်းကျင်ရှိသည်။ လာမည့်သုံးနှစ်အတွင်း အဆင့်မြင့်ဟိုတယ်စီမံကိန်း ၁၀ ခု ဝန်းကျင်ပြီးစီးရန် မျှော်မှန်းထားပြီး အခန်းပေါင်း ၂၀၄၀ ထွက်ရှိမည်ဟု ခန့်မှန်းထား ခြင်းဖြစ်သည်။ ၂၀၁၉ နှစ်ကုန်တွင် ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ် အခန်းပေါင်း  ၅၇၀၀ ဝန်းကျင်ရှိလာမည်ဟု ခန့်မှန်းခဲ့သော်လည်း အခန်းပေါင်း ၅၅၀၀ ဝန်းကျင်သာရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်တွင် ဟိုတယ်အသစ်၊ အခန်းသစ်ထွက်ရှိမှု မရှိခဲ့ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်ကုန်ဆုံးချိန်တွင် အဆင့်မြင့် ဟိုတယ်အခန်း  ၇၀၀၀ ဝန်းကျင်ရှိလာမည်ဟု မျှော်မှန်းထားသည်။

ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ်များ၏ ပျမ်းမျှအခန်း ငှားရမ်းမှုနှုန်းသည် ၂၀၁၆ ခုနှစ် မှစ၍ ရာခိုင်နှုန်း ၅၀ အောက်ရောက်ပြီး ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်တွင်လည်း ၄၃ ရာခိုင်နှုန်းသာရှိသည်။ ၂၀၁၉ ပထမသုံး လပတ်တွင် ရာခိုင်နှုန်း ၄၀ အထိ ဆက်လက်ကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၅၅ ရာခိုင်နှုန်းအထိ ပြန်တက်ခဲ့ကာ ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်တွင် ၄၂ ရာခိုင်နှုန်းအထိ ထိုးဆင်းခဲ့သည်။ ၂၀၁၈ ခုနှစ် ခရီးသွားရာသီ အစဖြစ်သည့် အောက်တိုဘာလမှစ၍ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို ဗီဇာဖြေလျှော့မှုပေးခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာတွင်လည်း သြစတြေးလျ၊ ဂျာမနီ၊ ရုရှား၊ အီတလီ၊ စပိန်နှင့် ဆွစ်ဇာလန် စသည့်နိုင်ငံများကို ဆိုက်ရောက် ဗီဇာခွင့်ပြုခဲ့ပြီး စုစုပေါင်း နိုင်ငံပေါင်း ၅၀ ကျော်ကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုခဲ့ပြီး နိုင်ငံခြားသား ခရီးသွားများကို ဆွဲဆောင်ခဲ့သည်။

ရန်ကုန်မြို့သို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ကျဆင်းလာမှုနှင့်အတူ အဆင့်မြင့်ဟိုတယ် အခန်းခများလည်း အကျဘက်ရောက်ခဲ့ရာ စီးပွားရေးကိစ္စဖြင့် လာရောက်သော ခရီးသွားများကို ပိုမိုအားထား လာရသည်။ ထို့အတူ မြန်မာနိုင်ငံသို့ အမေရိက၊ အနောက်ဥရောပ၊ အရှေ့ဥရောပ၊ အရှ့အလယ်ပိုင်းနှင့် အာဖရိကမှ ခရီးသွားဝင်ရောက်မှု သိသိသာသာ လျော့ကျနေပြီး ရာခိုင်နှုန်းများစွာ ဝင်ရောက်မှု တိုးလာသော အာရှခရီးသွားများကို ဟိုတယ်စျေးကွက်က အားထားနေရခြင်းဖြစ်သည်။

လာမည့် ဟိုတယ်သစ်များအတွက် တည်ဆောက်မှု အရည်အသွေး၊ အခန်းဖွဲ့စည်းမှု ဒီဇိုင်းအရည်အသွေး၊ ဝန်ဆောင်မှု အရည်အသွေးများ ပိုမိုအရေးပါလာမည်ဖြစ်ပြီး ဟိုတယ်အဟောင်းများသည် အခြားဟိုတယ်များထက် စျေးနှုန်းကျဆင်းမှု ပိုများလာမည် ဖြစ်သည်။ ၂၀၁၈ ခုနှစ် စတုတ္ထ သုံးလပတ်အတွင်း ပျမ်းမျှ ဟိုတယ်အခန်းငှားခမှာ ၁၀၃ ဒေါ်လာဝန်းကျင်ဖြစ်ပြီး ၂၀၁၉ ခုနှစ် စတုတ္ထ သုံးလပတ်တွင် ၈၈ ဒေါ်လာအထိ ကျဆင်းလာသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ၂၀၂၀ ပြည့် နှစ် ပထမသုံးလပတ်တွင် ဖြစ်ပေါ်သော အဆင့်မြင့်ဟိုတယ် ပျမ်းမျှအခန်းငှားရမ်းခမှာ ဒေါ်လာ ၉၀ ဖြစ်သည်။

အဆင့်မြင့်ဟိုတယ်အခန်း ပျမ်းမျှငှားရမ်းမှုနှုန်းသည် ၂၀၁၇ ပထမသုံးလပတ်တွင် ၅၂ ရာခိုင်နှုန်းရှိခဲ့ကာ ၂၀၁၈ ခုနှစ် ဒုတိယ သုံးလပတ်တွင် ၄၇ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၄၃ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် ဒုတိယ သုံးလပတ်တွင် ၄၀ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် စတုတ္ထ သုံးလပတ်တွင် ၅၅ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်တွင် ၄၂ ရာခိုင်နှုန်း ရှိခဲ့သည်။ ဖြစ်ပေါ်လာနိုင်သည့် စျေးကွက်အနေအထားများအရ ဟိုတယ်များ အနေဖြင့် ထိုင်း၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား စသည့်အာရှနိုင်ငံသား ခရီးသွားများ၊ စီးပွားရေး ခရီးသွားများ၊ ခရီးသွားအေဂျင်စီဖြင့် လာရောက်သည့် ခရီးသွားများ၊ ငွေသုံးနိုင်သည့် တစ်ဦးချင်း ခရီးသွားများကို အဓိကဦးတည်ပြီး စျေးကွက်ရှာဖွေရမည် ဖြစ်ကြောင်း Colliers က အကြံပြုထားသည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သည် နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု အများဆုံး ဒေသများဖြစ်သည်။ မြန်နိုင်ငံသို့ နှစ်အလိုက် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ခရီးသွားဦးရေမှာ ၂၀၁၆ ခုနှစ်တွင် ၂ ဒသမ ၉၁ သန်း၊ ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၄၄ သန်း၊ ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅၅ သန်း၊ ၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၃၆ သန်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent