Alibaba ကုမ္ပဏီအုပ်စု၏ လက်အောက်ခံ ကုမ္ပဏီဖြစ်ပြီး Alipay ၏ အော်ပရေတာဖြစ်သူ Ant Group က Wave Money တွင် ဒေါ်လာ ၇၃ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံ

Alibaba ကုမ္ပဏီအုပ်စု၏ လက်အောက်ခံ ကုမ္ပဏီဖြစ်ပြီး Alipay ၏ အော်ပရေတာဖြစ်သူ Ant Group က Wave Money တွင် ဒေါ်လာ ၇၃ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံ
Published 20 May 2020
စည်သူအောင်

ကမ္ဘာကျော် တရုတ်သူဌေးကြီး Jack Ma ပိုင် Alibaba ကုမ္ပဏီအုပ်စု၏ လက်အောက်ခံ ကုမ္ပဏီဖြစ်ပြီး Alipay ၏ အော် ပရေတာဖြစ်သူ  Ant  Group (Ant Financial Services Group) က Wave Money (Digital Money Myanmar Limited) တွင် ဒေါ်လာ ၇၃ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဘဏ္ဍာရေး ဝန်ဆောင်မှုကဏ္ဍတွင် ရှေ့တန်းမှ ဦးဆောင်လျက်ရှိသော Wave Money နှင့် Alibaba Group ၏ လက်အောက်ခံနှင့် Alipay ၏ အော်ပရေတာဖြစ်သူ၊ ဒီဂျစ်တယ်နှင့် မိုဘိုင်းငွေပေးချေမှု လုပ်ငန်း၌ ရှေ့တန်းမှ ဦးဆောင်လျက်ရှိသော Ant  Group (Ant Financial Services Group) တို့နှင့် မိတ်ဖက်လုပ်ကိုင် သွားမည်ဖြစ်သည်။ အဆိုပါ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းနှင့် နီးစပ်မှု မရှိသေးသော လူမှုအသိုင်းအဝိုင်းကို ပံ့ပိုးပေးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

Ant Group က Wave Money တွင် အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၅ သန်းရင်း နှီးမြှုပ်နှံပြီး Telenor Group၊ ရိုးမဘဏ်၊ Yoma Strategic Holdings Ltd နှင့်အတူ Wave Money ၏ အရာရောက်သည့် အနည်းစုပိုင် ရှယ်ယာရှင် ဖြစ်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဘဏ္ဍာရေး ဝန်ဆောင်မှုကဏ္ဍတွင် ရှေ့တန်းမှ ဦးဆောင်လျက်ရှိသော Wave Money သည် မြန်မာနိုင်ငံအနှံ့တွင် ကိုယ်စားလှယ်ပေါင်း ၅၇၀၀၀ ကျော်ရှိသည်။ Ant Group နှင့် ပြုလုပ်သည့် ယခု ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာပြည်သူအားလုံး လက်လှမ်းမီနိုင်သော ဘဏ္ဍာရေး ဝန်ဆောင်မှုတစ်ရပ် ပေါ်ပေါက်လာအောင် လုပ်ဆောင်သွားရန် ရည်ရွယ်ထားပါသည်။

Ant Group ၏ မိုဘိုင်းငွေပေးချေမှု၊ ဒီဂျစ်တယ်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှု ကျွမ်းကျင်မှုမှတစ်ဆင့် Wave Money ၏ နည်းပညာစွမ်းရည်ကို မြန်မာနိုင်ငံတစ်ဝန်းရှိ မိုဘိုင်းဘဏ္ဍာရေး ဝန်ဆောင်မှုများကို ပိုမိုအအဆင်ပြေ ချောမွေ့ရန်နှင့် ပိုမိုလုံခြုံမှုရှိစေရန် အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

Wave Money သည် မြန်မာနိုင်ငံတစ်ဝန်း မြို့ပေါင်း ၃၃၀ ဝန်းကျင်ရှိသည့်အနက် မြို့ပြနှင့် ကျေးလက်ဒေသပေါင်း ၂၉၅ မြို့ကို ဖြန့်ကြက်ထားနိုင်ပြီဖြစ်ပြီး ကိုယ်စားလှယ်ဆိုင်ပေါင်း ၅၇၀၀၀ ထားရှိသည်။ မြန်မာနိုင်ငံ၏ ဧရိယာ ၈၉ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး Wave Money မှတစ်ဆင့် ငွေကြေးလွှဲပြောင်းမှုသည် တစ်နှစ်ထက်တစ်နှစ် သုံးဆနှုန်းဖြင့် တိုးတက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်တွင် ကျပ် ၆ ဒသမ ၄ ထရီလျံ (ဒေါ်လာ ၄ ဒသမ ၃ ဘီလျံ) လွှဲပြောင်းနိုင်ခဲ့သည်။

Wave Money ကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၎င်း၏လုပ်ငန်းခွဲ တစ်ခုဖြစ်သည့် Wave Pay ကို ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် စတင်မိတ်ဆက်ခဲ့သည်။ Wave Pay အသုံးပြုသူဦးရေသည် လစဉ် ၁၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ လက်ရှိတွင် Wave Pay အပါအဝင် Wave Money ဝန်ဆောင်မှု အသုံးပြုသူပေါင်း ၂၁ သန်းရှိပြီဖြစ်သည်။

Ant Group သည် Alipay ၏ အော်ပရေတာဖြစ်ပြီး ဒီဂျစ်တယ်နှင့် မိုဘိုင်းငွေပေးချေမှု လုပ်ငန်းတွင် ရှေ့တန်းမှ ဦးဆောင်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းကို ၂၀၀၄ ခု နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လစာရင်းများအရ ကမ္ဘာတစ်ဝန်းတွင် Alipay အသုံးပြုသူပေါင်း ၁ ဒသမ ၂ ဘီလျံအထိရှိသည်။

“ဒီပူးပေါင်းဆောင်ရွက်မှုကနေ တစ်ဆင့် Ant Group ရဲ့ နည်းပညာထောက်ပံ့မှုနဲ့ ကြွယ်ဝတဲ့ အတွေ့အကြုံတွေနဲ့အတူ ကျွန်တော်တို့ရဲ့ ဒီဂျစ်တယ်ခရီး ရှေ့ဆက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်မှုနဲ့ နည်းပညာမြင့် စမတ်ဖုန်း ကိုင်ဆောင်နိုင်သူ များပြားတာက ဒီဂျစ်တယ်ငွေပေးချေမှုအတွက် အဆင်သင့်ဖြစ်စေပါတယ်” ဟု Wave Money ၏ CEO Brad Jones က ပြောကြားသည်။

Most Read

Most Recent