ရန်ကုန်-မန္တလေး အမြန်လမ်းမှ သီလဝါ အထူးစီးပွားရေးဇုန်သို့ ဆက်သွယ်မည့် အရှည် ၅၇ ဒသမ ၈ ကီလိုမီတာရှိသည့် အမြန်လမ်းသစ် တည်ဆောက်မည်ဖြစ်ပြီး ယင်းစီမံကိန်းတွင် ပဲခူးမြစ်ကိုဖြတ်၍ တည်ဆောက်မည့် အရှည် ၁ ဒသမ ၄ ကီလိုမီတာရှိ မြစ်ကူးတံတားနှင့် ချဉ်းကပ်လမ်း ပါဝင်မည်

ရန်ကုန်-မန္တလေး အမြန်လမ်းမှ သီလဝါ အထူးစီးပွားရေးဇုန်သို့ ဆက်သွယ်မည့် အရှည် ၅၇ ဒသမ ၈ ကီလိုမီတာရှိသည့် အမြန်လမ်းသစ် တည်ဆောက်မည်ဖြစ်ပြီး ယင်းစီမံကိန်းတွင် ပဲခူးမြစ်ကိုဖြတ်၍ တည်ဆောက်မည့် အရှည် ၁ ဒသမ ၄ ကီလိုမီတာရှိ မြစ်ကူးတံတားနှင့် ချဉ်းကပ်လမ်း ပါဝင်မည်
 သီလဝါအထူးစီးပွားရေး စီမံကိန်းဧရိယာအတွင်း တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
သီလဝါအထူးစီးပွားရေး စီမံကိန်းဧရိယာအတွင်း တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
Published 19 May 2020
နီလာ

ရန်ကုန်မြို့ပြင်ပတ်လမ်းအရှေ့ဘက်ခြမ်းဖြစ်သော ရန်ကုန်- မန္တလေးအမြန်လမ်းမှ သီလဝါအထူးစီးပွားရေးဇုန်သို့ ဆက်သွယ်မည့် အရှည် ၅၇ ဒသမ ၈ ကီလိုမီတာရှိသည့် အမြန်လမ်းသစ် စီမံကိန်း တည်ဆောက်မည်ဖြစ်ပြီး ယင်းစီမံကိန်းတွင် ပဲခူးမြစ်ကိုဖြတ်၍ တည်ဆောက်မည့် အရှည် ၁ ဒသမ ၄ ကီလိုမီတာရှိသည့် မြစ်ကူးတံတားနှင့် ချဉ်းကပ်လမ်းလည်း ပါဝင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးသည် ကုန်စည်စီးဆင်းမှုနှင့် ယာဉ်အသွားအလာ များပြားလာခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်မတော်တဆမှုများ တိုးပွားလာနိုင်ကြောင်း၊ ထိုပြဿနာများကို ဖြေရှင်းနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက JICA နှင့်ပူးပေါင်းလျက် “Project for comprehensive urban transport plan of the greater Yangon” (YUTRA) စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိသည်။

ရန်ကုန်မြို့ပြင်ပတ်လမ်း YORR အရှေ့ဘက်ခြမ်းသည် အထက်တွင်ဖော်ပြထားသည့် အဓိကစီမံကိန်း၏ ဦးစားပေးစီမံကိန်းဖြစ်ပြီး ရန်ကုန်- မန္တလေး အမြန်လမ်းမှ သီလဝါအထူးစီးပွားရေးဇုန်သို့ အမှတ်(၇) လမ်းမကြီးအတိုင်း ရန်ကုန်မြစ်ကိုဖြတ်ကာ ဒလသို့ ဖောက်လုပ်မည်ဖြစ်ကြောင်း၊ အဆိုပါဦးစားပေး စီမံကိန်း၏ အမြန်လမ်းမကြီးမှ သီလဝါအထူးစီးပွားရေးဇုန်သို့ ဆက်သွယ်မည့်အပိုင်းကို ၂၀၂၅ ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါစီမံကိန်းအား စီမံကိန်းတင်သွင်းသူမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနဖြစ်သည်။ယင်းစီမံကိန်းအတွက် နည်းပညာနှင့် ငွေကြေးဆိုင်ရာ အထောက်အပံ့အဖြစ် တရားဝင်ဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ ချေးငွေ Official Development Assistance (ODA) ပေးရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ စီစဉ်ထားကြောင်း သိရသည်။

အဆိုပါစီမံကိန်း၏ရည်ရွယ်ချက်မှာ ရန်ကုန်မြို့ပြင်ပတ်လမ်း၏ အရှေ့ဘက်ခြမ်းဖြစ်သော ရန်ကုန် -မန္တလေး အမြန်လမ်းမှ သီလဝါအထူးစီးပွားရေးဇုန်သို့ ဆက်သွယ်မည့်  ၅၇ ဒသမ ၈ ကီလီိုမီတာအရှည်ရှိ အမြန်လမ်းသစ်ကြီး တည်ဆောက်ရန်ဖြစ်သည်။

ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန် မြို့ပြင်ပတ်လမ်း စီမံကိန်းသည် YUTRA ဆိုသည့် Master Plan တွင် ပါဝင်သည့် စီမံကိန်းများဖြစ်သည်။ အမှန်တကယ်တွင် ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးကွန်ရက်ကို YUTRA Master Plan တွင် သုံးပိုင်းခွဲခြားထားသည်။

ရန်ကုန်မြို့ပြင်ပတ်လမ်းသည် အဓိကအားဖြင့် အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။ GMS East- West Economic Corridor အပိုင်းနှင့် ပတ်သက်သည်။ တောင်တရုတ်ပင်လယ် ကမ်းခြေဖြစ်သည့် ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းမှ လာအိုနိုင်ငံကို ဖြတ်၍ ထိုင်းနိုင်ငံစက်မှုဇုန်များကို ဖြတ်သန်းကာ မြန်မာနိုင်ငံ၏ ရန်ကုန်ဆိပ်ကမ်း၊ အဓိကအားဖြင့် သီလဝါအထူးစီးပွားရေးဇုန်ကို ဆက်သွယ်မည့်လမ်းဖြစ်သည်ဟု သိရသည်။

တစ်နည်းအားဖြင့် တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ကုန်းတွင်းအရ ဆက်သွယ်ပေးမည့် လမ်းဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့်ဆိုလျှင် ထိုင်းနိုင်ငံ ဘန်ကောက်နားတွင်ရှိသည့် ယင်းတို့ရင်းနှီးမြှုပ်နှံထားသည့် စက်မှုဇုန်၊ စီးပွားရေးဇုန်များနှင့် မြန်မာနိုင်ငံက သီလဝါအထူးစီးပွားရေးဇုန်တို့ကို အပြန်အလှန် ပေါင်းစည်းမှုအရ အရေးပါသည့်  စီမံကိန်းဖြစ်သည်။               

 

Most Read

Most Recent